THOUSANDS OF FREE BLOGGER TEMPLATES
အားလုံးး လွတ်လပ် ပျော်ရွှင် ပါစေ.... အားလုံး လွတ်လပ် ပျော်ရွှင် ပါစေ...

Monday, 28 March 2022

တ်ထိရဲ့တိတ်ထိ

တ်ထိရဲ့တိတ်ထိ

(အဆိပ်မဟုတ်တဲ့ အဆိပ်)

‘ကျနော်ကဗျာရေးတာဟာ အနာတူ ရှာတာဖြစ်တယ်’ တဲ့။ ကဗျာဆရာ ဇေယျာလင်းက ရေးဖူးတယ်။

ကျနော့်မှာ အများနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်အနာတခု ရှိတယ်။ ဒီစာကတော့ ကျနော့်အနာကို ထည့်ဖို့ ဆေးပေါ့။ အများမြင်သာအောင် ဆေးဗူးရဲ့ မျက်နှာစာမှာ အဆိပ်လို့ တံဆိပ်ကပ်လိုက်တယ်။ အနာချင်းနီးစပ်သူတွေ ယူပြီးတော့ ဆေးထည့်ချင် ထည့်နိုင်တယ်။ သောက်ချင်ရင်လည်း…

(၁)

“အမှောင်ညကို စွန့်သွားခဲ့…မောင့်လပြည့်ဝန်း….အလည်လွန်ခြင်း ကမ္ဘာတဘက်ကို ထွက်သွားသူ….”

နွယ်ရေ…ကိုကို အမျှဝေပေး ရမှာလား။

သြော်…သေသူကိုအမျှဝေကြေးဆိုရင် ရှင်လျက်နဲ့ သေနေတဲ့ ကိုယ့်ကိုယ်ကို ပါ အမျှဝေရမှာ။

(၂)

ရှေ့က ဝေ့ မျက်နှာကို ကျနော် စိတ်ကူးနဲ့ ဖွဖွလေး ဆွဲခွာလိုက်တယ်။ ပြီးတော့…နွယ့်မျက်နှာလေးပေါ်လာ…ဟာ! မဟုတ်သေးပါဘူး။ ငါတော်တော် တကိုယ်ကောင်းဆန်နေပြီပဲ။

(၃)

ကိုယ်တွေ့တဲ့။ သူများ ရဲ့ ကိုယ်တွေ့ ဆိုတာတွေကို တဆင့် ပြောပြနေတယ်။တစ္ဆေ ဝင်အပူးခံရတာ ဆိုပဲ။ အဲလို ကိစ္စတွေ တကယ်ရှိနိုင်သလား။ ကျနော်တော့ ကြုံဖူးတယ်။ ကျနော့်ကိုယ် ကျနော် ဝင်ပူးတုန်းကပေါ့။

(၄)

ကျောက်ရုပ် တရုပ် လေတိုက်ရုံနဲ့ လှုပ်ခဲ့ရပြီ။ ကျောက်ဆောင်ကျောက်သားများ ပန်းပွင့်အားနှင့် ပြိုကျသွား၏။ သံသယ အတွေးများကြောင့် ယုံကြည်မှုတို့ ပြိုကျကုန်၏။

မိုးထဲလေထဲ၌ ဆောက်တည်ရာမဲ့လွတ်လပ်သွားသော အတွေးငှက်သည် ရွှေလှောင်အိမ်လေးဆီ ပြန်ရောက်ရန် ပုံပြောကောင်းသည့် စာအုပ်တအုပ်ကို တောင့်တမိ၏။ ထိုစာအုပ်ကို စိတ်အာရုံနှစ်ပြီး ဖတ်လိုက်မည်။ ကျေးဇူးပြု၍ ကျနော့်မျက်လုံးများကို စာအုပ်ရေးသူ၏ စကားလုံးများဖြင့် ဖုံးပေးကြပါ။

(၅)

မေးရပြီ။ ကိုယ့်ကိုယ်ကို မေးရပြီ။ ငါဘာကောင်လဲ။

တိတ္ထိ။

သူငယ်ချင်း ညီညီကတော့ ပြောဖူးသည်။ “မင်းက တိတ္ထိ မဟုတ်ဘူး။ တိတ္ထိ ဆိုတာ ဘာသာမရှိတဲ့ သူတွေကို ပြောတာမဟုတ်ဘူး။ တိတ္ထိဆိုတာ……”

သူဆက်မပြောဖြစ်သော စကားများအား ကျနော် ပီပီသသ ကြားလိုက်ရသည်။

ထားတော့။ ကျနော် တိတ္ထိ ဟုတ်မဟုတ်က သူတယောက်တည်း သတ်မှတ်ခွင့် ရှိသူမဟုတ်။ အားလုံးက သူတို့စိတ်ထင်သလို သတ်မှတ်ကြလိမ့်မည်။

တိတ္ထိဟူသော အမည်နာမသည် ညစ်နွမ်း၏။ ကျနော့်နာမည်ကို မွှေးစေချင်ပါသည်။ ဖြစ်နိုင်ရင် ကျနော့်နာမည် အမြဲမွှေးဖို့ ပန်းတွေကို ကျနော့် နာမည်ပေးချင်တယ်။

(၆)

အများစုက အနည်းစုကို သူတို့ကြိုက်သလို သမုတ်ခွင့် ရှိသတဲ့။ သြော်…ဒါလည်းကြီးနိုင်ငယ်ညှဉ်း တမျိုးပဲ။ ကြီးနိုင်ငယ်ညှဉ်း ဝါဒဆိုတာ အရေခွံ အမျိုးမျိုးလဲနေတဲ့ မြွေပဲ။ ကာယအင်အားနဲ့ အနိုင်ကျင့်နေရာကနေ ငွေအား၊ ဉာဏ်အား၊ အများစု ဆိုတဲ့ အင်အားတွေနဲ့ ပြောင်းပြီး အနိုင်ကျင့်လာကြတာပဲရှိတယ်။

အခုလည်း ငါ့ကို တိတ္ထိဆိုပြီး ဝိုင်းတွယ်ကြတယ်။

ရှိစေတော့။ မီးကို ကိုးကွယ်တဲ့ ခေတ်ဖြစ်နေရင်တောင် ငါက ရေကိုချစ်ချင် ချစ်မယ်။ လောကအလယ်မှာ ကိုယ့်ကိုယ်ကို ရင်ခွင်မှာပိုက်…ခေါင်းငိုက်စိုက်နဲ့လူဟာ ငါပဲ။

(၇)

“သား၊ ပုတီးရော မှန်မှန်စိပ်ဖြစ်လား”

“ဟုတ်ကဲ့”

အမေက ဖုန်းဆက်တိုင်း အမြဲမေးတယ်။ ကျနော်ကလည်း ဟုတ်ကဲ့လို့ အမြဲဖြေခဲ့တယ်။

အဖေကလည်း ကျနော် ဟိုတစ ဒီတစ ရေးပြီး ပစ်ထားတတ်တဲ့ စာတိုပေစ တွေကို ဖတ်ပြီးတော့ ကျနော့်စိတ်ကို တစွန်းတစလေး သိသွားပုံရတယ်။

“အားလုံးကို လေ့လာနေတာတော့ ဟုတ်ပါပြီ။ မင်းစိတ်ကြိုက် တခုခုကိုတော့ ကိုးကွယ်ပါ။ ဘာသာမဲ့တော့ မဖြစ်စေနဲ့ကွာ”

“ဟုတ်ကဲ့”

သူငယ်ချင်းတွေနဲ့လည်း ကျနော် တခါတခါ ဘုရားကျောင်းကို လိုက်သွားပြီး ဓမ္မတေးတွေ သီဆိုခဲ့ဖူးတယ်။ ဘာသာရေးကို ယုံကြည်မှှုထက် ယဉ်ကျေးမှုလို့ သဘောထားပြီး လိုက်လျောခဲ့တာပါ။

(၈)

အဲဒီ့လို ကျနော်ဟာ အရောင်အမျိုးမျိုးပြောင်းတတ်ပေမယ့် ပုတ်သင်တကောင်တော့မဟုတ်ခဲ့ဘူး။



(၉)

“သြော၊ စော်ကားတုန်းကတော့ စော်ကားပြီးတော့…ခုမှ ရမလား”

ကျနော်အရမ်း စိတ်ဆိုးနေတယ်။ နွယ် ကျနော့်နောက်ကနေ အတင်းလိုက်လာမှန်းသိလို့ ကျနော့်ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ်။

“ကျွီ”

အနီးအနားတဝိုက်မှာ ရှိတဲ့လူတွေ… ကားရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့ အသံရယ်၊ လူတယောက် အော်သံရယ်၊ ကောင်မလေးတယောက်ရဲ့ အော်သံရယ်ကို ကြားရလိမ့်မယ်ထင်တယ်။

နွယ်က ကျနော်ကားတိုက်ခံရတယ်ဆိုတဲ့ သူ့အိမ်မက်အကြောင်းကို ပြောပြတယ်။

“ကိုကို… နွယ်အဲဒီ့ အိပ်မက် မက်တာ နှစ်ရက်ဆက်တိုက် ရှိပြီနော်။ တပတ်လောက် အပြင်မထွက်ပဲနေ”

“ဟာ၊ တပတ်လောက်မထွက်လို့ ဘယ်ဖြစ်မှာတုန်း။ အိပ်မက်ကိုများ ဂရုစိုက်လို့”

“နှစ်ရက်ဆက်တိုက် မက်တာမို့လို့ပြောတာ ကိုကိုရဲ့”

“တခုခုကို စိတ်စွဲလို့ နေမှာပေါ့။ နွယ်က ကိုကို့ကို ဘယ်လောက်များ သေစေချင်နေမှန်းမှ မသိတာ”

အိပ်မက်တွေ၊ ဗေဒင်တွေ တခါတလေ မှန်တတ်တယ်လို့လည်း ကြာဖူးတယ်။ မှန်ချင်လည်း မှန်ပေါ့။ ကျနော်ကတော့ determinism ကို လက်မခံချင်ဘူး။ ဟောကိန်းတွေနဲ့ ဆက်စပ်ပြီး ဘာသာတရားတွေရဲ့ ဗျာဒိတ်တော်တွေ အကြောင်းကိုလည်း စဉ်းစားမိတယ်။ အဲဒါတွေရော ဘယ်လောက်အထိ မှန်နိုင်သလဲ။

အဲဒါတွေကို ဘုရားတွေက မဟောပဲ လူတွေကပဲ နှမ်းဖြူးခဲ့ကြတာလား?

ဒါမှမဟုတ် ဘုရားတွေက ကြိုသိနိုင်လို့လား? ကြိုသိနိုင်တယ် ဆိုရင်တော့ ဘယ်အချိန်ဘာဖြစ် ဆိုပြီး ကြိုတင် program ရေးထားတာမျိုး ရှိနေမှသာ ရှေ့နောက်ညီလိမ့်မယ်။

ဒါမှမဟုတ် မျိုးစေ့လေးကို ကြည့်ပြီး သစ်ပင်ဖြစ်မယ်လို့ ဟောခဲ့ကြတာမျိုးလား?

ဘယ်လိုမျိုးပဲ ဟောဟော ဗျာဒိတ်တော်တွေမှာ နာမည်တွေကအစ ပြဌာန်းပြီးသားတွေဖြစ်နေကြတယ်။ ဂမ္ဘီရလည်း ဆန်လွန်း နေကြတယ်။ အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းပြီး လုပ်ဆောင်ချက်တွေပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား?

ထားတော့။ အဲဒါတွေ…မှန်ချင်မှန်၊ မှားချင်မှား…ပြဌာန်းမှုကို မွန်းကြပ်တဲ့ ကျနော့် အတွက်တော့ ဟောကိန်းတွေ မလိုဘူး။

ဒါပေမယ့်…ကျနော်က ဂျူးလိယက်ဆီဇာမှ မဟုတ်တာ။

နွယ့်အိပ်မက်ကြောင့် ကျနော် နောက်နှစ်ရက်တိတိ အပြင်လုံးဝ မထွက်ဖြစ်ဘူး။


(၁၀)

ကျနော့် ဘာသာရေးကတော့ ကာလာမသုတ်ဆိုတဲ့ တရားပါပဲ။

ကာလာမသုတ် အရဆိုရင်…

ဘုရားဟောတယ်လို့ လူတွေကပြောရုံ၊ ကျမ်းစာအုပ်တွေထဲမှာပါရုံနဲ့ လက်ခံလို့ မရတော့ဘူး။


(၁၁)

လူတော်တော်များများဟာ ထင်ကြေးခြေထောက်တွေနဲ့ ဘာသာရေးပြေးလမ်းပေါ်မှာ လျှောက်ပြေး နေကြတယ်။ လမ်းကတခြား မျက်လုံးကတခြား ခြေထောက်ကတခြား နဲ့ လူတွေပြေးနေကြသလိုပဲ။

ဘာသာရေးဆိုတဲ့ စာအုပ်ကြီးတွေထဲမှာ ကိုယ်မသိတဲ့ အရာတွေကို စမ်းတဝါးဝါးနဲ့ လက်ဆင့်ကမ်းပြီး ရေးလာလိုက်ကြတာ စာအုပ်တွေက ထူထူလာပြီး အဓိပ္ပါယ်တွေက ပါးပါးလာတယ်။

ကျနော်က ကာလာမသုတ်နဲ့ ဆန်းစစ်ကြည့်နေတော့ ကျနော့်ကို ကြည့်မရတဲ့ သူတွေ များလာတယ်။

ရှိစေတော့။

ကာလာမသုတ်ဟာ ကျနော့်လက်ကို ရှမယ့် ဓားတချောင်းဆိုရင် လက်ထဲမှာ ကျနော် မထားတော့ဘူး။ နှလုံးသားထဲမှာ ထည့်ထားမယ်။ ရင်ဘတ်တခုလုံး သွေးချင်းချင်း နီချင် နီပလေ့စေ။

(၁၂)

ကျနော်က ကိုယ့်အလင်းရောင်နဲ့ ကိုယ် မှောင်နေတဲ့ကောင်။ ချို့တဲ့နေတဲ့ အမှောင်ကို မှော်ရောင်နဲ့ခွင်းဖို့ လမင်း တစင်းတော့ ရှိတယ်။

လမင်းရဲ့ နာမည်က သော်တာနွယ် တဲ့။ ချစ်သူအတွက် ကျနော် ကဗျာတပိုဒ်ဖွဲ့ခဲ့တယ်။

“လမင်းလေး နွယ်ရယ်

ကိုယ်က ကမ္ဘာမြေပါ

တခြားဂြိုလ်တွေလို မျက်နှာမများဘူး။

ရင်ထဲမှာ…နွယ်ဆိုတဲ့လမင်း

တစင်းပဲရှိတယ်”


(၁၃)

နွယ်က ကျနော့်ကို ပြောဖူးတယ်။

“ကိုကိုက တခုခုဆို အစွန်းရောက်လွန်းတယ်”

“ဒါဆို ကိုကို အစွန်းက ပြုတ်ကျရင် နွယ်က ကယ်ဖို့ ပိုက်ကွန်နဲ့စောင့်ပေါ့”

“တော်ပါ။ လာနောက်မနေနဲ့။ ဒီက အကောင်းပြောနေတာ။ ဘယ်အရာ ဖြစ်ဖြစ် မဇ္ဈိမ ပဋိပဋာပဲ ကောင်းတယ်”

“အင်း လုပ်ပါဦး။ မဇ္ဈိမပဋိပဋာ ဆိုတာ ဘာတုန်း”

“အမလေး၊ ဆရာကြီး။ ဒါလေးတောင် မသိဘူးလား။ အလယ်အလတ်လမ်းစဉ်ကို ပြောတာလေ။”

“အင်းလေ။ အဲလို စကားလုံးဖလှယ်ရုံတော့ ကိုကိုလည်း လုပ်တတ်တာပေါ့။ ဒါပေမယ့် အလယ်အလတ် ဆိုတာကို ဘယ်ပေတံနဲ့ တိုင်းမှာလဲ။ တယောက်ရဲ့ မဇ္ဈိမကရော နောက်တယောက်ရဲ့ မဇ္ဈိမနဲ့ တူနိုင်လို့လား”


(၁၄)

ကျနော့်ရှေ့မှာ အရိုးစု တစုပြုံးနေတယ်။ အရိုးစုဆိုပေမယ့် လှပတဲ့မျက်နှာနဲ့ အချိုးအစားကျနတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အရိုးစုလေး။

ဘာပဲဖြစ်ဖြစ် ဝေဝေ ရဲ့အပျော်မျက်နှာလေးက ကျနော့် ရင်ကိုအေးစေပါတယ်။

ကျနော့်မွေးနေ့နဲ့ ဝေဝေရဲ့ မွေးနေ့က အတူတူပဲ။ အောက်တိုဘာ ၂၄ ရက်။ ဝေဝေက ကျနော့်ထက် သုံးနှစ် ငယ်တယ်။ နွယ့်မွေးနေ့ကတော့ နိုဝင်ဘာ ၂၉ ရက်နေ့။ ကျနော့်ထက် ၂နှစ်ကျော် ငယ်တယ်။

“မွေးနေ့ကျ အကို အားမှာမဟုတ်ဘူး၊ ဘာလိုချင်တုန်းပြော၊ ဒီနေ့သွားဝယ်ရအောင်လေ” ကျနော်ကဝေဝေ့ကိုမေးလိုက်တယ်။

“ဝက်ဝံရုပ်လေးဝယ်ပေးလေ။”

“ဟားဟား၊ ကလေးဆန်လိုက်တာ”

“ဘာမှ ကလေးမဆန်ဘူး။ မိန်းကလေးတိုင်းနီးပါး အရုပ်ကြိုက်တယ်”

ဝေဝေ့အတွက် ကျနော် ဝက်ဝံရုပ် အလတ်စားလေး ဝယ်ပေးလိုက်ပြီးတော့ ဝေဝေက ကျနော့်ကို ကျောပိုးအိတ်တလုံး ဝယ်ပေးတယ်။ သြော်…ဝက်ဝံနဲ့ ဝေဝေ ‘ဝ’နှစ်လုံးချင်းတော့ တူသားပဲ။


(၁၅)

ရုတ်တရက် ကျနော် ခေါင်းနားပန်းကြီးသွားတယ်။ “ဟာ!…နွယ်” အသံထွက်မသွားအောင်တော့ ကျနော်ထိန်းလိုက်နိုင်ပါတယ်။ နွယ်နဲ့ လူတယောက် Moon Bakery ကော်ဖီဆိုင် ထဲကို ဝင်သွားတယ်။ အဲဒီ့လူရဲ့ မျက်နှာကိုတော့ သေချာမမြင်လိုက်ရဘူး။ ကျနော်လည်း အဲဒီ့လူ ဘယ်သူလဲ ဆိုတာကို စိတ်ပူတာက တဘက်၊ ကျနော်ရယ် ဝေဝေရယ် အရုပ်ရယ်ကို နွယ်မြင်သွားမှာ စိုးတာက တဘက်။


(၁၆)

နွယ်တော်တော် ဒေါသထွက်နေပုံရတယ်။

“ပြောစမ်းပါဦး၊ ဘယ်သူ့ကို လိုက်ပြီး အရုပ်ဝယ်ပေးနေရတာတုန်း။ နွယ်ကဖြင့် ကိုကို့ကို ယုံကြည်လိုက်ရတာ။ ကိုကိုက ဖောက်ပြန်နေတယ်”

“ဟာ မဟုတ်ဘူးနွယ်၊ သင်တန်းက သူငယ်ချင်း။ သူ့နာမည်က ဝေဝေတဲ့။ ကိုကိုနဲ့ သူနဲ့က မွေးနေ့ အတူတူပဲ။ မွေးနေ့ကျရင် ကိုကိုက နွယ်နဲ့ တနေကုန် လျှောက်သွားမှာလေ။ အဲဒီ့တော့ သင်တန်းက အပြန် သူက ကိုကို့ကို ကျောပိုးအိတ် တလုံး လက်ဆောင်ဝယ်ပေးတာနဲ့ ကိုကိုကလည်း သူလိုချင်တာမေးပြီး လက်ဆောင်ဝယ်ပေးလိုက်တာ”


“သြော်…နွယ့်ကိုကျတော့ ဝယ်ပေးဖို့ တခါမှ မစဉ်းစားဖူးဘူးနော်”

“ဟာ! နွယ်ကလဲ။ …ဒါနဲ့ နေပါဦး။ နွယ်နဲ့တူတူ Moon Bakeryထဲ ကို ဝင်သွားတဲ့ ငနဲကရော ဘယ်သူတုန်း” ကျနော့်မှာ ဟိုလူ့ကိုတောင် ကြံဖန် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ခုလိုအခြေအနေမှာ တန်ပြန်စရာ အချက်သာ မရှိခဲ့ရင် မလွယ်ကြောပဲ။

နွယ့်မျက်နှာလေး ရုတ်တရက် ညှိုးသွားတယ်။ ပြီးတော့မှ

“အဲဒီ့လူနာမည်က ကိုစိုးအောင်တဲ့။ မေမေ့ အသိ။ သူက နွယ့်ကို ကြိုက်နေတာ။ မေမေကလည်း သူ့ကို နွယ်နဲ့ သဘောတူချင် နေတယ်။ နွယ်တော့ အဲဒီ့လူကို သိပ်ကြည့်လို့မရပါဘူး။ ကိုကိုက လွဲရင် နွယ် ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး”

အဲဒီ့လူအကြောင်း ကြားလိုက်ရ တော့လည်း ကျနော့်စိတ်တွေ ပူလောင်သွားရပြန်တယ်။

အပူတွေကို ခဏမေ့ထားလိုက်ပြီး ဝေဝေ့ကိုဝယ်ပေးတဲ့ အရုပ်ထက် ပိုကြီးတဲ့ အရုပ်ကို နွယ့်ကို ဝယ်ပေးဖို့ ကျနော် သဘောတူလိုက်တယ်။ “မိန်းကလေးတွေတော်တော် ကလေးဆန်တာပဲ။ အသက်ဘယ်လောက်ကြီးကြီး အရုပ်ကို မက်နေတုန်းပဲ” လို့ ကျနော် နွယ့်ကို ပြောလိုက်တယ်။

“ကိုကိုတို့ ယောကျာ်းလေးတွေရော ဘာထူးလို့တုန်း။ အသက်ဘယ်လောက်ကြီးကြီး ဂိမ်းကို ထမင်းမေ့ ဟင်းမေ့ ဆော့နေတုန်းပဲ မို့လား”

“ဒါက ဒီလိုရှိတယ်နွယ်ရဲ့၊ ဂိမ်းမှာ ကလေးကြိုက်တဲ့ ဂိမ်းရှိသလို လူကြီးကြိုက်တဲ့ ဂိမ်းမျိုးလည်းရှိတယ်”

“ဟုတ်လား၊ ဘာကွာလို့တုန်း”

ကျနော်က ကျနော့်ညီတို့ အဖွဲ့ရဲ့ တကယ့်အဖြစ်အပျက် တခုကို ပြောပြလိုက်တယ်။ “သူတို့ ကိုးတန်းတုန်းက သင်္ချာဆရာက သူတို့အဖွဲ့ဆီက အပြာစာအုပ်တအုပ် မိသွားတယ်။ သူတို့ကို ဆရာက ကောင်းကောင်း ဒဏ်ပေးလိုက်တယ်တဲ့။ တရက် သူတို့ တီဗွီဂိမ်းဆိုင်သွားတော့ အဲဒီ့ဆရာ ဂိမ်းဆော့နေတာကိုတွေ့တယ်တဲ့။ အဲဒီ့ဂိမ်းက ပွဲငယ်လေးတပွဲနိုင်တိုင်း ဂိမ်းထဲက ဇာတ်ကောင် ကောင်မလေးက အဝတ်တွေ တဆင့်ချင်း ချွတ်ပြတယ်တဲ့။ ဆရာက သူတို့ကို မမြင်ဘူး။ အဲဒါ သူတို့ဆရာ သဲသဲမဲမဲ ကစားနေတာ တွေ့တော့ သူတို့ထဲက တယောက်က မသိမသာ အကဲခတ်နေလိုက်တယ်တဲ့။ ဆရာ အဲဒီ့ဂိမ်း ဆော့ရင်းနဲ့ mood အရမ်းဝင်လာပုံ ပေါက်တဲ့ အချိန်ကျမှ မင်္ဂလာပါ ဆရာကြီး ဆိုပြီး ကျယ်ကျယ်လေး နှုတ်ဆက်လိုက်တယ်တဲ့။ ဟိုဆရာ့မျက်နှာကြီး နီရဲသွားတာပေါ့။ လူကြီးကြိုက်တဲ့ဂိမ်း ဆိုတာ အဲလိုဂိမ်းမျိုး။ ဟားဟား။”


(၁၇)

နွယ်က နှုတ်ခမ်းမွှေးရေးရေးလေးနဲ့ချစ်စရာကောင်းတယ်။ ဝေဝေကလည်း ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းတယ်။ စိတ်ထားကလည်း သူ့ဟာနဲ့သူ နှစ်ယောက်စလုံး လှကြတယ်။ တယောက်ကို ချစ်သူလို ချစ်သလို တယောက်ကိုလည်း ညီမလေးလို ချစ်ရတယ်။ မတူညီတဲ့ ကောင်မလေးနှစ်ယောက်ကို ကျနော် လျှောက်ပြီး ညီမျှခြင်း ချကြည့်နေမိတယ်။


(၁၈)

သူငယ်ချင်းက စကားတခွန်းကို ညီမျှခြင်း တခုလို အစထုတ်လာတယ်။

“သိပ္ပံပညာတွေ ထွန်းကားလာလို့ လူတွေ ပိုပျက်စီးလာတာ”

“မဆိုင်ပါဘူး။ သိပ္ပံပညာက tool တခုပဲလေ။ ဘာသာရေးကိစ္စတွေမှာတောင် လူတွေ တလွဲအသုံးချရင် ဆိုးကျိုးတွေ ရှိသေးတာပဲ။ ဘာသာရေး လုပ်ပြီး ကြောင်တောင်တောင် ဖြစ်သွားတဲ့ သူတွေအများကြီး။ ဘာသာရေး စစ်ပွဲတွေ၊ အဓိကရုဏ်း တွေလည်း ကမ္ဘာ့သမိုင်းမှာ အများကြီးပဲ”

သူငယ်ချင်းက သူ့ကိုပြန်ငြင်းလို့ ရှူးရှူးရှားရှား ဖြစ်သွားတယ်။

ကျနော်ကတော့ စောဘွဲ့မှူးရဲ့ သီချင်းတပုဒ်ကို စိတ်ထဲမှာ ညဉ်းလိုက်တယ်။

“အဆိုးနဲ့အကောင်း… တွဲနေတတ်တာကို… မြင်နိုင်ဖို့လေ့ကျင့်ခဲ့တယ်၊ ဒီအတွက် အကျိုးအမြတ်က…. အများတကာ မေးငေါ့ကာ….အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ…. အရိုင်းအစိုင်းအဖြစ် မြင်လာ”


(၁၉)

တကယ်တော့…

သိပ္ပံမှာ ဘာသာရေးရဲ့ မှော်ဆန်ဆန် တာဝန်တွေကို ထမ်းဆောင်ဖို့ အစွမ်းသတ္တိရော တာဝန်ပါ မရှိပါဘူး။

အဲလိုပဲ…

ဘာသာရေးက သိပ္ပံကို နယ်ချဲ့လာရင်ရော။

ကမ္ဘာက နေကို ပတ်နေတယ်ဆိုတဲ့ အယူအဆအမှန်ကို ထောက်ခံရုံလေးနဲ့ ဂျော်ဒါးနိုးဘရူနို (Giordano Bruno) ဟာ အဲဒီ့ခေတ်အခါက ကျောင်းတော်နဲ့ ကျမ်းစာကို ဆန့်ကျင်မှုနဲ့ အရှင်လတ်လတ် မီးရှို့အသတ်ခံခဲ့ရဖူးတယ်။


(၂၀)

ကျနော့်မှာ အပြောအဆို ကြမ်းတဲ့ ဘာသာမဲ့ သူငယ်ချင်းတယောက် ရှိတယ်။ သူက ရိုးသားပြီး ကူညီတတ်ပေမယ့် ပိဿလေးနဲ့ ပစ်သလို ပြောတတ်တယ်။

တရက် စကားဝိုင်းမှာ တခြားသူငယ်ချင်းတယောက်က သူ့ကို

“ဘာမှ လာငြင်းမနေနဲ့။ အဲဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်”

“ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်လို့ ပြောရအောင် မင်းက ဘုရားသခင်နဲ့ လက်ဘက်ရည်ဆိုင် အတူတူ ထိုင်ဖူးလို့လား”

အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က သူ့ကို ခွေးခြေခုံနဲ့ ရိုက်မယ်လုပ်တယ်။ နောက်တော့ သူ လက်ဘက်ရည်ဆိုင်က ထွက်သွားတယ်။

သူ့ဥပမာက ကြမ်းလွန်းတယ်။ ဒါပေမယ့် သူ ပေးချင်တဲ့ မက်ဆေ့ကတော့ ဒီနေ့အထိ ကျနော့်ရင်ဘတ်ထဲမှာ မိုးခြိမ်းနေတုန်း။


(၂၁)

အဲလို မက်ဆေ့မျိုး ကို ရှေးခေတ်က မှတ်တမ်းတင်ခဲ့တဲ့ စာအုပ်တွေကို နှိုင်းယှဉ်ဖတ်ကြည့်တဲ့ အခါမျိုးမှာလည်း ရနိုင်တယ်။

ဥပမာ…

ရာဇဓိရာဇ် အကြောင်း…

မွန်ဘာသာမူမှာ မွန်ဘုရင် ရာဇဓိရာဇ်သေလို့ မြန်မာဘုရင်မင်းခေါင်က သံဝေဂ ရပြီးငိုတယ်တဲ့။ မြန်မာဘာသာမူမှာကျတော့ မြန်မာ ဘုရင်မင်းခေါင်သေလို့ ရာဇဓိရာဇ်က သံဝေဂရပြီးငိုတယ်ဆိုပဲ။ သေတဲ့လူတွေက ပြောင်းပြန်ဖြစ်နေကြတယ်။ တခြားအချက်အလက်တွေမှာလည်း ကွဲလွဲမှုတွေ အများကြီး။

ကမ္ဘာအရပ်ရပ်က ရှေးရာဇဝင်ဇာတ်လမ်းတွေ အတိုင်းပါပဲ…. သမိန်ပရမ်း သရဲကိုက်လို့ သေတယ်ဆိုတဲ့ ကိစ္စတွေလို ဒဏ္ဍာရီဆန်တာတွေ အများကြီးပါနေရတော့တယ်။

ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါးလောက်ကပဲ ရှိသေးတယ်။ ဘာသာရေးသမိုင်းတွေလို နှစ်ပေါင်းထောင်နဲ့ချီလာရင် ?

တလွဲသုံးနေရင်တော့ ဘာသာရေးတွေဟာ အမုန်းကမ်ပိန်း တခု ပဲဖြစ်လာလိမ့်မယ်။

တကယ်တမ်းကျတော့ ဘယ်သူမဆို ကိုယ့်မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုတောင် မြင်ရတာမှ မဟုတ်တာ။


(၂၂)

နှစ်တွေ ခြားခြားလာတယ်။

ဘုရားတွေရဲ့ပုံရိပ် ဝါးဝါး လာတယ်။

ဒဏ္ဍာရီတွေ များများလာတယ်။

“တမန်တော်ကတော့ ဒီလိုအဓိပ္ပါယ်နဲ့ ပြောခဲ့တာ မဟုတ်လောက်ဘူး”

“ဒါတွေက ဘုရားဟောတာ မဖြစ်နိုင်ဘူး။ ရှေးလူတွေက သွတ်သွင်းခဲ့တာ”

“ဒါကမှ ဘုရားဟော အစစ်”

နောက်ဆုံးတော့ လူတွေဟာ ဘုရားတွေကို ကိုယ့်ထင်ကြေးအတိုင်း ပြန်ပြီး ဖန်ဆင်းနေရတာပါပဲ။ ယန်းပေါဆတ် (Jean Paul Sartre) ပြောသလိုပေါ့။ ကျနော်တို့ အားလုံး လွတ်လပ်မှုဒဏ်ကို အဲလောက်ထိ ကျခံနေရပါတယ်။


(၂၃)

“ကိုကိုရယ်၊ အဲလောက်ရိုင်းတဲ့လူနဲ့ မပေါင်းပါနဲ့လား။ သူ့ကို နွယ်မကြိုက်ဘူး” နွယ်က ခွေးခြေခုံနဲ့ ရိုက်ခံရမလိုဖြစ်သွားတဲ့ သူငယ်ချင်းကို ရည်ညွှန်းပြီး ကလေးဆန်ဆန် ပြောလာတယ်။

“ဟင်၊ ဘာလို့လဲ”

“ကိုကိုခုလို မိစ္ဆာဒိဌိ အတွေးတွေ ဝင်လာတာ အပေါင်းအသင်းမှားလို့လေ။ ကျေးညီနောင် ပုံပြင်ကိုပဲ ကြည့်။ တကောင်က သူခိုးဓားပြနားရောက်သွားတော့ ရိုင်းစိုင်းသွားတာ။ ခုလည်း ကိုကို ကြမ်းတမ်းတဲ့ လူနဲ့ ပေါင်းရင် ကြမ်းတမ်းလိမ့်မယ်။ နွယ့်လို လိမ္မာတဲ့ သူနဲ့ပဲပေါင်း” နွယ်က ကလေးဆန်ဆန်တွေ လျှောက်ပြောနေတယ်။ မဖြစ်ဘူး။ လူကြီးဖြစ်ကြောင်း ပြဦးမှ။

“ဟာ၊ နွယ်ကလည်း။ သူနဲ့ပေါင်းလို့ ကြမ်းသွားရင်တောင် နွယ်က ပြုပြင်ပေးပေါ့။ နွယ်နဲ့တွေ့ရင် ကိုကိုက နူးညံ့သိမ်မွေ့သွားမှာပဲဟာ။” ပြောရင်းဆိုရင်းနဲ့ ကျနော့် ရင်ခုန်သံတွေ အရမ်းမြန်လာတယ်။ မွှေးရနံ့သင်းနေတဲ့ နွယ့်ကိုယ်လေးကို ကျနော် တင်းတင်းကြပ်ကြပ် ဆွဲဖက်လိုက်ပြီးတော့ နွယ့်ကိုနမ်းလိုက်တယ်။ လူကြီးဖြစ်ကြောင်း ပြလိုက်တယ်။ နွယ့်မျက်နှာလေးကတော့… ရဲခနဲ။

“နွယ် အနေရ ခက်လိုက်တာ”


(၂၄)

“စွန့်ပစ်ခဲ့တယ်၊သွားကြမယ်လေ၊ ဘုရားဖူးစို့… မောင်မယ်စုံ တောင်ဘက်မုခ်က လှေကားထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့”

ကျနော်က ဘာသာမဲ့တယောက်ဖြစ်ပေမယ့် ကျနော့်နဲ့ နွယ့်မှာ အဲဒီ့သီချင်းလေးထဲကလို ခံစားမှုမျိုးတော့ ဆုံးရှုံးမသွားပါဘူး။

ဒီနေ့ ကျနော့်အမရယ်၊ ကျနော်ရယ်၊ နွယ်ရယ် ရွှေတိဂုံဘုရား သွားကြတယ်။

“ကိုကို့အမ ကျတော့ ချစ်စရာလေး”

“ကိုကိုက ပိုချစ်ဖို့ကောင်းတာ မဟုတ်ဘူးလား”

“ကောင်းပါဘူး။ အမကမှ ချစ်စရာကောင်းတာ။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ ကိုကိုသာ အပေါင်းအသင်းမှားလို့ တိတ္ထိဖြစ်သွားတာ”

“အမယ်၊ ကိုကို အဲဒီ့သူငယ်ချင်းနဲ့ တွေ့ရတဲ့အချိန်က ခဏလေး။ သူငယ်ချင်းတွေနဲ့ ပြောင်းမနေခင်တုန်းက အိမ်မှာ အမနဲ့ပဲ အများဆုံးနေရတာ”

နွယ့်စကားနဲ့ ဆက်စပ်ပြီး သက်ဆိုင်ရာ ပညာရှင်တွေတောင် အဖြေရှာလို့မရသေးတဲ့ nature နဲ့ nurture အကြောင်းတွေ ကျနော် လျှောက်တွေးကြည့်မိတယ်။

ကျနော့်မှာ အမ တယောက်နဲ့ ညီတယောက် ရှိတယ်။ ကျနော်နဲ့ ဗီဇချင်းအနီးစပ်ဆုံး၊ ပတ်ဝန်းကျင်ချင်း အနီးစပ်ဆုံးလို့ ပြောလို့ရမယ် ထင်တယ်။ ဒါပေမယ့်…နီးစပ်တယ် ဆိုတာကလည်း မိုင်ပေါင်းများစွာနီးနေတာ ဖြစ်နိုင်ပြီးတော့ ဝေးတယ်ဆိုတာကလည်း လက်မအနည်းငယ် ဝေးနေတာ ဖြစ်နိုင်တယ်လေ။

ကျနော်တို့မောင်နှမတွေရဲ့ တွေးပုံ ခေါ်ပုံတွေ၊ နေပုံထိုင်ပုံတွေ က တောင်နဲ့မြောက်လိုကို နီးစပ်တယ်။ ဘာသာမဲ့ ဖြစ်နေတာကလည်း ကျနော် တယောက်တည်း။

(၂၅)

“သတ္တဝါတွေကို သတ်ပြီး ပူဇော်ရတဲ့ ယဇ်

လူအချင်းချင်း သတ်ပြီး ပူဇော်ရတဲ့ ယဇ်

အဲဒါတွေထဲမှာ

အားလုံးရဲ့အမြစ်

ဦးနှောက်ကို ပူဇော်လိုက်ရတဲ့အဖြစ်က အဆိုးဆုံးပဲ”

နွယ်နဲ့ ကျနော် 9/11 နဲ့ ပတ်သတ်တဲ့ ရုပ်ရှင် United 93 ကို အတူတူသွား ကြည့်ဖြစ်တယ်။

“နွယ်လေ၊ ရုပ်ရှင်ကြည့်တုန်းက ငိုသေးတယ် သိလား၊ သူတို့ကိုယ်သူတို့ အသေခံပြီးတော့တောင် ဘာလို့ အပြစ်မဲ့တဲ့သူတွေကို ရက်စက်ကြလည်း မသိဘူးနော်”

“မှိုင်းပေါ့နွယ်ရဲ့၊ အစွန်းအရောက်ဆုံး ဘာသာရေးမှိုင်း”


(၂၆)

“ကိုကို၊ နွယ်..ဝေဝေနဲ့ တွေ့ပြီး အကဲခတ် ကြည့်ချင်တယ်”

“ဟာ…ဘာလုပ်မှာလဲ၊ မလိုပါဘူး”

“ဘာလို့မလိုရမှာတုန်း။ ကိုကို ရိုးသားရင် ဘာမတွေ့ပေးရဲစရာ ရှိလဲ။ နွယ်လည်း သူငယ်ချင်းတယောက် တိုးတာပေါ့”

“အမယ် ဘာလို့ မတွေ့ပေးရဲ ရမှာလဲ။ ဒီအပတ် ကိုကိုတို့ သင်တန်းက အပြန် တွေ့ရအောင်လေ”

“အင်း။ အဲဒါကောင်းတယ်။ ပြီးတော့ ကိုကို့ကိုလည်း လူတယောက်နဲ့ မိတ်ဆက်ပေးရမယ်။ နွယ့်ကို ကြိုက်နေတဲ့သူ တယောက်နဲ့”

“ဟို…ကိုစိုးအောင် ဆိုတဲ့ ငနဲနဲ့လား”

“မဟုတ်ဘူး။ တခြားတယောက်”

“အမယ်။ စန်းပွင့်နေလိုက်တာ”

“ဟားဟား။ လိပ်ပြာတွေ ဘယ်လိုဝဲပါစေ၊ ကိုကို့တယောက်တည်းပါ အချစ်ဦးရေ။ ဟားဟား” နွယ်က ဂရေဟမ်တို့ သီချင်းကို ဖျက်ဆိုပြီး ရယ်တယ်။ ပြီးတော့ဆက်ပြောတယ်။ “တခါတည်း ပြိုင်တူ ကြေညာ ကြတာပေါ့။ သူတို့နှစ်ယောက်လုံးကို…နွယ်နဲ့ ကိုကို့မှာ ပိုင်ရှင်ရှိကြောင်း၊ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့”

“ကိုကိုက…ကိုစိုးအောင်နဲ့ပဲ ပိုစိုးရိမ်တာ။ သူက နွယ့်အမေ သဘောတူတဲ့လူ ဆိုတော့”

“မစိုးရိမ်ပါနဲ့ ကိုကိုရဲ့။ နွယ်က ကိုကိုမှ ကိုကိုပါ။ သူနဲ့လည်း နောက်တွေ့ပေးမယ်။ ခုတယောက်က ကိုကို့လိုပဲ ဘာသာမဲ့။ သိလား။ နွယ့်မှာလည်း ကံဆိုးလိုက်တာ။ တိတ္ထိတွေကချည်း လာကြိုက်နေတယ်”

“ဟားဟား”

အဲဒီ့လူက ဘာသာမဲ့ဆိုလို့ ကျနော် သူနဲ့ တွေ့ဖို့ စိတ်ဝင်စားသွားတယ်။


(၂၇)

ဟင်! နွယ်.. နိုင်ငံခြားသား တယောက်နဲ့! ဘာတွေပွဲကျနေပါလိမ့်!

“မင်္ဂလာပါ”

နိုင်ငံခြားသားက ကျနော်တို့ကို မြန်မာလို ဘိုသံဝဲဝဲနဲ့ နှုတ်ဆက်တယ်။

“ဝေဝေ…ထိုင်” နွယ်က နိုင်ငံခြားသားရဲ့ ဘေးကခုံကို လက်ညှိုးထိုးပြပြီး ဝေဝေ့ကို နှုတ်ဆက်လိုက်တယ်။ ကျနော်က နွယ့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

“ကိုမိုးမြင့် က ဗမာစကားကောင်းကောင်းပြောတတ်တယ်။ ဘိုကပြားလေ။ အမေက ဗမာ။ ငယ်ငယ်တုန်းကလည်း မြန်မာပြည်မှာအကြာကြီး နေဖူးတယ်” ကိုမိုးမြင့်ရဲ့ အင်္ဂလိပ်နာမည်ကတော့ Paul ဆိုပဲ။

ထမင်းစားတော့ ဝေဝေက ကျနော့်ကို အရင်ဆုံး ဟင်းထည့်ပေးတယ်။ ပြီးတော့မှ နွယ့်ကို ထည့်ပေးတယ်။ နွယ်က စားပွဲ အောက်ကနေ ကျနော့်ပေါင်ကို လိမ်ဆွဲလိုက်တယ်။

ကိုမိုးမြင့်က အသံဝဲတာကလွဲရင် မြန်မာစကားကို မြန်မာတယောက်လို ပြောနိုင်တယ်။ မြန်မာစာပေကိုလည်း တော်တော်နှံ့စပ်တယ်။ စကားဝိုင်းက ကျနော်ဆွဲခေါ်သွားလို့ ဘာသာရေးအကြောင်းရောက်သွားတယ်။ သူ့လို ဘာသာမဲ့တယောက်ဆီက ဘယ်လိုစကားတွေ ထွက်လာမလဲဆိုတာကို စိတ်ဝင်စားမိတယ်။

“နစ်ရှေး (Nietzsche) ပြောသလိုပဲ ကျနော့်အတွက် God က သေသွားပါပြီ။ God သေသွားပြီ ဆိုတာကို God တင် မကပဲ God နဲ့ အလားသဏ္ဍန်တူတဲ့ စနစ်တွေပါ သေသွားတာလို့ တချို့က အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျနော့်အတွက်လည်း အဲလိုပဲဗျာ။ ဥပမာ ဆိုပါတော့… ဒီအရှေ့တိုင်းသားတွေရဲ့ တခုခုဖြစ်တိုင်း ရှေးဘဝကံတို့ ဝဋ်ကြွေးတို့ကြောင့်လို့ ယုံကြည်နေပုံကိုလည်း God လို သဘောမျိုးပဲ ကျနော်မြင်နေတယ်ဗျာ။ ဥပမာ ကျနော်က ငှက်ကလေးတကောင်ကို သတ်လိုက်တယ် ဆိုပါတော့။ အဲဒါဆိုရင် အဲဒီ့ငှက်ကလေးက ဘဝသစ်မှာ ကျနော့်ကို ပြန်သတ်ခွင့်ရအောင်၊ ဒါမှမဟုတ် ကျနော့်ကို ပြန်ဒုက္ခပေးမယ့်သူ တယောက်ယောက်နဲ့ ကျနော်နဲ့ ထိပ်တိုက် မတွေ့တွေ့အောင် ဘယ်အရာက ဇာတ်ညွှန်းရေးပေး နေလဲ။ ဘယ်တစုံတရာက မတွေ့တွေ့အောင် ဇာတ်လမ်းဆင်ပြီး ထိပ်တိုက်တွေ့ပေးနေလဲ။ အဲဒါကို X လို့ပဲ အလွယ်ခေါ်လိုက်မယ်ဗျာ။ အဲဒီ့ X က God လို ဖြစ်နေတယ်။”

“အင်း။ God လိုဖြစ်နေတာမှန်ပေမယ့် God နဲ့ကွာတော့ကွာပါတယ်။ ကိုယ်လုပ်တဲ့အတိုင်း ခံစားရမယ့် သဘောဆိုတော့ မျှတတယ်လို့ ပြောရမယ်။ အဲဒီ့ X ဆိုတာက God လိုဖြစ်နေရင်တောင် fairဖြစ်တယ်လို့ ပြောရမယ်ဗျ။ ဒါကြောင့် ဓမ္မလို့ ခေါ်ကြတာ။ အဲဒီ့ နိယာမကြီး တကယ်ရှိမရှိကတော့ သက်သေပြလို့ မရဘူးပေါ့” ကျနော်က စိတ်ဝင်တစား ပြန်ပြောလိုက်တယ်။

ကိုမိုးမြင့်က ဆက်ပြောတယ်။ “ရှေးဘဝကံတို့ ဝဋ်ကြွေးတို့ကိုချည်း ခဏခဏ လွှဲချနေကြတာကလည်း God ကိုလွှဲချတာနဲ့ သွားတူနေတယ်”

ကိုမိုးမြင့်စကားကိုကြားတော့ ကျနော့်သူငယ်ချင်းတယောက်ကို သတိရမိတယ်။ သူက အများအကျိုး ဆောင်ရွက်မိလို့ အကွက်ဆင်ပြီး ထောင်အချခံရတာ။ အဲဒါ သူ့မိန်းမက ထောင်ဝင်စာ သွားတွေ့တော့ သူ့ကို ရှင့်အရင်ဘဝက ဝဋ်ကြွေးလို့ပဲ သဘောထားလိုက်ပါလို့ ပြောတယ်တဲ့။ သူ့ခမျာ အပြစ်မရှိပဲ ထောင်လည်းအချခံရသေး၊ အရင်ဘဝက မကောင်းတာလုပ်ခဲ့တဲ့သူဆိုပြီး ထပ်အထိုးနှက် ခံလိုက်ရသေးတယ်။

ကိုမိုးမြင့်နဲ့ စကားပြောရတာ အရမ်းကောင်းတယ်။ အဲလို ဆွေးနွေးဖော်မျိုးက ရခဲတယ်မို့လား။ ကျနော် စိတ်လှုပ်ရှားရှားနဲ့ ရေနွေးခွက်ကို တိုက်မိပြီး ရေနွေးတွေ စားပွဲပေါ် ဖိတ်သွားတယ်။ စားပွဲပေါ်က ရေနွေးတွေကို ကျနော် ကမန်းကတမ်း သပ်ချမိတယ်။

“ဟာ၊ ကိုကို ဘယ်လိုလုပ်တာတုန်း။ နွယ့်ပေါ်ကို လာသပ်ချတယ်” ကိုမိုးမြင့်နဲ့ ဝေဝေက ကျနော်တို့ကို ရယ်ကြတယ်။


(၂၈)

နွယ်က ကျနော့်ရဲ့ ကဗျာဖတ် ပရိသတ်။

“မကောင်းတာလုပ်ဖို့လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။

ကောင်းတာလုပ်ဖို့ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။”

ကျနော်ရေးခဲ့ဘူးတဲ့ ကဗျာကို ဖတ်ပြီး နွယ်ကမေးတယ်။

“ကိုကိုက အဲလိုရေးရအောင် ကောင်းကင်ဘုံတွေ ငရဲတွေ နတ်ပြည်တွေ ဆိုတာတွေကို လက်ခံထားလို့လား”

“အဲဒါက နိမိတ်ပုံအဖြစ် ရေးတာလေ”

“ကိုကိုကလည်း။ လောကကြီးမှာ ကိုယ့်မျက်စေ့နဲ့ မမြင်ရပေမယ့် လက်ခံရမယ့် အရာတွေ အများကြီး ရှိတယ်လေ။ ဥပမာ လျှပ်စစ်ဓာတ်ကို မျက်စေ့နဲ့ မမြင်နိုင်ပေမယ့် လက်ခံလိုက်ရသလို မျိုးပေါ့”

“နွယ်ပြောပုံက မူရင်းကိစ္စကို သက်သေပြပြီး လက်ခံခိုင်းတာမျိုးမှ မဟုတ်ပဲ။ ခိုင်းနှိုင်းစရာဥပမာ တခု မရမက ရှာပြီး အတင်း လက်ခံခိုင်းတာမျိုး။ လျှပ်စစ်ဓာတ်ကို မမြင်ရပဲနဲ့ လက်ခံရလို့ အကုန် လက်ခံရကြေး ဆိုရင်တော့ ဘာသာတိုင်းကဟာတွေကို အကုန်လုံးရောနှောပြီး လက်ခံနေရတော့မှာပေါ့။ အားလုံးကို ပူဇော်နေရလို့ အခန်းတခုလုံး ဘုရားတွေ နတ်တွေနဲ့ ပြည့်သွားနိုင်တယ်။” ကျနော်က နွယ့်ကို အရွဲ့တိုက်ပြီး ပြောလိုက်တယ်။ “

“နတ်ပြည် တကယ်လို့ ရှိရင်ကော မရောက်ချင်ဘူးလား”

“ဒါတော့ ရောက်ချင်တာပေါ့။ နတ်သမီးလေးတွေနဲ့ တွေ့ရတာပေါ့။”

နွယ်က ကျနော့်ကို လှမ်းပြီး မျက်စောင်းထိုးတယ်။

“ဗြဟ္မာ့ပြည်ဆိုရင်ရော”

“အဲဒါတော့ ရှိလည်း မရောက်ချင်ဘူး။ ရုပ်ချည်းပဲသက်သက် ရှိတယ်လို့ ပြောကြတဲ့ ‘အသညသတ်’လို ဗြဟ္မာ့ဘုံကိုများ ရောက်သွားလို့ကတော့ သွားပြီ။ အဲဒီ့ဘုံမှာ ဗြဟ္မာကြီးတွေက တချို့ကလည်းထိုင်၊ တချို့ကလည်းအိပ်၊ တချို့ကလည်းရပ်ပြီးတော့ ရုပ်ချည်းသက်သက် ရှိနေကြတာတဲ့။ ခုမြင်နေရတဲ့ စားပွဲတွေ၊ ကုလားထိုင်တွေနဲ့ သူတို့ဘဝက ဘာထူးဦးမှာလဲ”

ပြောရင်းပြောရင်းနဲ့ နွယ်ဟာ ကျနော့်မျက်စေ့ရှေ့မှာတင်ပဲ ပန်းလေးတပွင့် ဖြစ်သွားတယ်။ ကျနော်ကတော့ အဲဒီ့ပန်းလေးကို ရစ်ပတ်ခြုံလွှမ်းမယ့် အငွေ့လေးပေါ့။ နွယ့်အပါးမှာ လှည့်ပတ်လှုပ်ရှားရင်း မထိတထိလေးလည်း နမ်းလိုက်မယ်။ ဟင်! ဒါပေမယ့် နွယ့်မှာ စိတ်မရှိတော့ ကျနော်နမ်းတာကို နွယ်က ဘယ်သိမှာလဲ။ ဘယ်လိုခံစားနိုင်မှာလဲ။ ကျနော်ကရော နွယ်မှန်း၊ လှပတဲ့ ပန်းလေးမှန်း ဘယ်လိုလုပ် သိမှာလဲ။ ဒေးကား (Descartes) ကတော့ ‘ငါတွေးတယ်၊ ဒါကြောင့် ငါရှိတယ်’ တဲ့။ ကျနော်ရော နွယ်ရော တွေးမှမတွေးနိုင်တဲ့ဟာ။ ဒါဆို နှစ်ယောက်စလုံး မရှိဘူးပေါ့။

ခဏနေတော့ နွယ်က ရယ်ပြီးပြောတယ်။ “ဟားဟား။ တခြားဟာတွေ မယုံရင်နေ။ ကိုကို့ကို ငရဲပြည်ကို ယုံအောင်လုပ်ရမယ့်နည်းတော့ သိတယ်”

“ဟုတ်လား။ ပြောပါဦး”

သူက Reader’s Digest မဂ္ဂဇင်းထဲမှာပါတာဆိုတဲ့ ဟာသ တခုကို ပြောပြတယ်။ “ကောင်မလေးက သူ့အဖေ ပေးစားတဲ့ ကောင်လေးကို မယူချင်ဘူးတဲ့။ ကောင်လေးက ငရဲကို မယုံဘူးဆိုလို့ မယူချင်တာ။ ဒါနဲ့ ကောင်မလေး အမေက ကောင်မလေးကို နားချတယ်။ လက်ထပ်မှာသာ လက်ထပ်လိုက်ပါ သမီးရာ၊ ငရဲကို အဲဒီ့ကောင်လေးယုံအောင်လုပ်ဖို့က မေမေ့တာဝန် ထားစမ်းပါ၊ မေမေသူ့ကို အမျိုးမျိုး နှိပ်စက်ပြီး ငရဲနဲ့တူအောင် ဖန်တီးပေးလိုက်မယ်တဲ့။ ဟီးဟီး။ ကိုကို ငရဲကို ယုံအောင်လုပ်ဖို့ မေမေ့ကို အကူအညီ တောင်းရမယ်”

“ဟားဟား”

တကယ်တော့ နွယ်သာ ကျနော့် ဘေးမှာ ရှိနေမယ်ဆိုရင် နွယ့်မေမေ မပြောနဲ့၊ ဘယ်လို တန်ခိုးရှင်ကမှ ကျနော့်အတွက် ငရဲကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ နွယ်နဲ့ဆို ဒုက္ခတွေကအစ ကျနော့်အတွက် ကောင်းကင်ဘုံ ဆန်နေလိမ့်မယ်။

လူတိုင်းမှာ မစဉ်းစား မဆင်ခြင်ပဲ အလွယ်တကူ လက်ခံလိုက်ကြတဲ့ နယ်ပယ် တခုမဟုတ်တခု ရှိတတ်ကြတယ်ဆိုရင် ကျနော့်အဖို့ကတော့ နွယ်နဲ့ ပတ်သတ်သမျှပဲ ဖြစ်လိမ့်မယ်။ နွယ်ရေ…နင့်မျက်နှာဟာ ငါ့အတွက် လောဂျစ်နဲ့ကင်းတဲ့ တခုသော ဘာသာရပ်။ နင်နဲ့ ဘယ်လိုမှ မခွဲနိုင်ဘူးနွယ်။

ကျနော် ကောက်ရိုးလေးတနွယ်ကို ဒီလို အားကိုးခဲ့ဖူးတယ်။

(၂၉)

နွယ်နဲ့ ကျနော့် ရှေ့ရေးကို စဉ်းစားလိုက်တိုင်း အိပ်မက်က ရုတ်တရက် လန့်နိုးပြီး ပြန်အိပ်မပျော်သူလို ခံစားရတယ်။

“ကိုကို ဘာလဲ၊ဘယ်လဲ”

နွယ်နောက်လိုက်တဲ့ စကားကြောင့် ကျနော် အတွေးတွေ ပြတ်သွားတယ်။

“ကိုကို ဘာလဲဆိုတော့ နွယ့်ရည်းစား၊ နွယ့်ခင်ပွန်းလောင်း၊ ဘယ်လဲ ဆိုတော့ ကိုကို့ နာမည် အတိုင်းလေ။ ကောင်းကင်ကို ပေါ့။ ကောင်းကင်ဆီကို ပျံမယ်လေ”

“ဟားဟား။ ကိုကိုက ရယ်ရတယ်။ ကောင်းကင်ဘုံကိုသာ မယုံတာ။ နာမည်ကတော့ ကောင်းကင်ကကို မချဘူး။ ‘မြေကြီးကို’ တို့၊ ‘ငရဲကို’ တို့ ဆိုပြီး မှည့်ပါလား။ အဲဒါမှ ကိုကိုရောက်မယ့် နေရာတွေ”

“ဟားဟား”

“နွယ်မေးချင်တာက ဒီလိုပါ။ ကိုကိုက သေခြင်းတရားအတွက် ဘယ်လိုပြင်ဆင်ထားမှာတုန်း”

“ကိုကိုကတော့ သေခြင်းတရားအတွက် မပူဘူး။ နေခြင်းတရားအတွက်ပဲ ပူတယ်” ကျနော်က သေခြင်းတရားကို စာမေးပွဲ တခုလို မခံစားမိဘူးလေ။ နေနေတုန်းသာ စက္ကန့်နဲ့အမျှ ဘဝ စာမေးပွဲ ဖြေနေရတာ။

“နောက်ဘဝမှာ မကောင်းတဲ့ သတ္တဝါတွေ ဖြစ်မှာ မကြောက်ဘူးလား”

ကျနော်က ကျနော့်ရဲ့ ပေကပ်ကပ် အတွေးတွေကို နွယ့်ကို ပြောပြလိုက်တယ်။ “ဖြစ်ပါစေပေါ့။ အဲလိုဖြစ်တယ် ဆိုရင်လည်း အခုက အရင်ဘဝက ရုပ်လည်း မဟုတ်ဘူး၊ အရင်ဘဝက စိတ်လည်း မဟုတ်ဘူး။ ရုပ်ကော စိတ်ပါ အသစ် ဆိုတော့ အရင်ဘဝကငနဲလို့ ပြောနိုင်တာ ဘာတခုမှ မကျန်ခဲ့တော့ဘူး။ အဲဒီ့တော့ ဘာမှ ပတ်သတ်မှုမရှိတော့သလိုပဲ ခံစားနေရတယ်။ အရင်ဘဝက ကောင်းမှု မကောင်းမှုတွေ ဒီဘဝမှာ လာခံရတာမျိုး ရှိတယ်ပဲ ထားပါဦး။ အဲဒါဆိုလည်း အရင်ဘဝက ငနဲက သူ့စိတ်သူ့ရုပ်နဲ့ လုပ်ခဲ့တာ မှန်သမျှ ဒီဘဝမှာ တခြားရုပ် တခြားစိတ်နဲ့ ကိုကိုက အသားလွတ်လာခံနေရသလိုပဲ။ အဲဒီ့တော့ အခုကိုကိုလုပ်တာ တွေကိုလည်း နောက်ဘဝက ငနဲ ခံပါစေပေါ့။ ဟားဟား” ကျနော့်ကိုယ် ကျနော် ပြန်လှောင်လိုက်တဲ့ ရယ်သံက ကျနော့် အတွေးတွေထက်တောင် မိစ္ဆာဆန်နေသေးတယ်။

“ဟယ်၊ အံ့သြတယ်၊ ပေတေတေနဲ့၊ ပေါက်ပေါက်ရှာရှာတွေ ပြောတယ်တော့။ အဲလိုသာဆို လူတွေ လုပ်ချင်ရာ လုပ်ကုန်ကြမှာပေါ့”

“အဲလိုတော့ မဟုတ်ပါဘူး။ ဥပဒေဆိုတာလည်း ရှိနေတာပဲ။ ပြီးတော့ ဘာသာရေးတွေ၊ ငရဲတွေ ရှိနေလို့သာ မကောင်းမှုကို ရှောင်ရတာဆိုတဲ့ အပေးအယူဆန်တဲ့ စိတ်ကမှ ကြောက်ဖို့ကောင်းတာ”

“ဘာပဲဖြစ်ဖြစ် သံသရာအတွက်တော့ တွေးသင့်တာပေါ့။”

“ဒီဘဝမှာတောင် ‘ငါ ဆိုတာ မရှိဘူး၊ သူဆိုတာ မရှိဘူး၊ မစွဲလမ်းရဘူး’ ဆို။ ဘာဖြစ်လို့ နောက်ဘဝ ‘ငါ’ အထိတောင်လှမ်းပြီး စွဲလမ်းနေချင်ရတာလဲ။”

“ထားပါတော့။ ကိုကို့ဘဝ အဓိပ္ပါယ်က ဘာတုန်း။ အသက်ရှင်နေတာကရော ဘာအတွက်တုန်း”

နွယ်က အဖြေမရှိတဲ့ပုစ္ဆာကို မေးခွန်းထုတ်လာတယ်။ နွယ့်အတွက်လို့ ဖြေလိုက်ရင် ကောင်းမလား။

“ကောင်းသော်တာ အတွက်ပေါ့”

“ဟင်။ ဘယ်က ကောင်းသော်တာတုန်း”

“ဟားဟား။ သားလေးနာမည်ပေါ့။ နွယ့်နာမည်ရော ကိုကို့နာမည်ရော ပါတယ်လေ။ မကောင်းဘူးလား” စကားဝိုင်းပေါ့သွားအောင် ကျနော် အရွှန်းဖောက်လိုက်တယ်။

“အမယ်။ အဆင့်တွေ ကျော်ကုန်ပြီ။ ဘယ်သူက သူ့ကိုယူမယ်ပြောလို့လည်း။ ဟွန်း”

ခဏနေတော့ နွယ်ကမေးတယ်။ “ကလေးတွေ ရလာရင် ကိုကိုက သူတို့ကို ဘာဘာသာ ကိုးကွယ်ခိုင်းမှာလဲ၊ ဘာသာမဲ့ခိုင်းဦးမှာလား”

“ဟင့်အင်း။ ဇွတ်အတင်းမမဲ့ခိုင်းပါဘူး။ အတင်းလုပ်ယူလို့ ရတာမျိုးလည်း မဟုတ်ဘူးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဝေဝေက မေးဖူးတယ်။”

“ဒီ ဝေဝေက ပါလာပြန်ပြီ”

“ပါတော့ဘာဖြစ်တုန်း။ သူကမေးတယ်။ ကိုယ်ချစ်တဲ့လူ တယောက်ယောက်က အယူမှားနေရင် ဘယ်လိုလုပ်မှာလဲတဲ့။ ကိုကိုပြန်ဖြေတာက အဲဒါကြောင့် သူ့ကိုယ်သူနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်နိုင်၊ မဖြစ်နိုင်ကြည့်မယ်။ ဖြစ်နိုင်တယ်ဆိုရင် တားမယ်။ မဖြစ်နိုင်ဘူးဆိုရင်တော့ သူ့ဘာသာ နတ်ပဲကိုးကွယ်နေနေ”။

“အဲဒါ တာဝန်မဲ့ရာ မကျဘူးလား”

“စိတ်ဝင်စားပုံပြရင်တော့ ဆွေးနွေးကြည့်မှာပေါ့။ အတင်းအဓမ္မ လုပ်လို့ကတော့ မထူးဘူးလေ”

“ကလေးတွေကိုရော”

“အင်း၊ ကလေးတွေကို ကိုယ့် ကိုယ်ပိုင်ပစ္စည်းလိုမျိုး ဘယ်တော့မှ သဘောမထားဘူး။ စာရေးဆရာဆိုတဲ့ တယောက်က ရေးဖူးတယ်။ သူ့ကလေးတွေကို စလုံးမှာ ကျောင်းသွားထားရင် မြင့်မိုရ်တောင်ကို မယုံတာမျိုးတွေ ဖြစ်လာမှာ စိုးလို့ စလုံးမှာ ကျောင်းမထားချင်ဘူးတဲ့။ ကိုကိုကတော့ ကလေးတွေ မြင့်မိုရ်တောင်တွေ၊ ဘုရားသခင်တွေကို ယုံတာမယုံတာထက် လူတော်လေးတွေ လူကောင်းလေးတွေ ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ထင်တာပဲ”


(၃၀)

“ကိုကို၊ နွယ်အခုနေသေရင် အသစ်တယောက် ရှာမှာလား……..ရှာမယ့်ပုံပါ ။”

“ဟာ၊ ဘာတွေမေးနေမှန်းမသိဘူး။ မရှာပါဘူး။”

နွယ်ဘာတွေ ဖြစ်နေပါလိမ့်။ အဆက်အစပ်မရှိတဲ့ စကားတွေလာပြောနေတယ်။

ခဏနေတော့ နွယ်က သူအခုတလော ခဏခဏ မက်တယ်ဆိုတဲ့ သူ့အိပ်မက် အကြောင်းကို ပြောပြတယ်။

“နွယ်က မွေးနေ့ကိတ်လေးနဲ့ စောင့်နေတာ။ ဘယ်သူမှ ပေါ်မလာကြဘူး။ ကိုကိုရော၊ အမေနဲ့ ဖေကြီးရော၊ သူငယ်ချင်းတွေရော တယောက်မှကို ပေါ်မလာဘူး။ တော်တော် ကြာတော့မှ ဆုံးပြီးသား နွယ့်အဘွားက ရောက်လာတယ်။ နွယ်က နွယ့်အဘွားကို ကိုကိုရောလို့ မေးလိုက်တော့ ဝေဝေနဲ့ နေမှာပေါ့တဲ့။ ပြီးတော့ နွယ်နဲ့ အဘွား ဖက်ပြီးငိုကြတယ်”

နွယ့်အိပ်မက်ကို နားထောင်ပြီး ကျနော်စိတ်မကောင်းဖြစ်သွားမိတယ်။

“ဟာ၊ အဓိပ္ပါယ်မရှိလိုက်တာ၊ နွယ့်အဘွားက ကိုကို့ကိုမှ မသိတာ။ နွယ်တခုခုကို စိတ်စွဲလို့ နေမှာပေါ့”

“နွယ့်ကို ဗေဒင်ကလည်း အသက် အစိတ်ကျော်လာရင် မွေးနေ့တွေနားမှာ အသက်အန္တရာယ် ရှိတတ်တယ်၊ ဂရုစိုက်ဆိုပြီး ဟောထားတာ ရှိတယ်”

“ဟာ၊ ဒီ...အိပ်မက်တွေ၊ ဗေဒင်တွေက မှန်တာမှ မဟုတ်တာ။ ဟိုတခါ နွယ့်အိပ်မက်တုန်းကရော မှန်လို့လား။ ကိုကို ကားအတိုက်မခံရဘူးလေ။”

“မသိဘူး။ နွယ်စိတ်လေးနေတယ်။ အဘွားတုန်းကလည်း သူ့မွေးနေ့လေး မတိုင်ခင်မှာတင် နေမကောင်းဖြစ်ပြီး ဆုံးသွားတာ။”

“ဟာ! နွယ်ကလည်း၊ နွယ့်မှာ ရောဂါကြီးကြီးမားမားလည်း ရှိနေတာမှ မဟုတ်တာ။ ဘာတွေ လျှောက်ပြော နေမှန်းမသိဘူး။ ပြီးတော့ သင်္ချာနည်းနဲ့ စဉ်းစားကြည့်ရင် လူ ၁၂ ယောက်မှာ ၁ ယောက်က မွေးတဲ့လမှာ သေနိုင်တယ်။ ၃၆၅ ယောက်မှာ ၁ယောက်က မွေးတဲ့ရက်မှာ သေနိုင်တယ်။ ကမ္ဘာပေါ်မှာ လူတွေက သန်းပေါင်းထောင်နဲ့ ချီပြီးရှိနေတာဆိုတော့ မွေးတဲ့ရက်မှာ သေတဲ့လူက သန်းပေါင်းများစွာ ရှိနေမှာပေါ့။ အဲဒီ့လို မွေးတဲ့နေ့မှာ သေတဲ့လူတွေကိုပဲ ကွက်ကြည့်ပြီး အစွဲအလမ်း ဝင်သွားကြတာ၊ မဟုတ်တာတွေကို သွားပြီး စွဲလမ်းမနေနဲ့လေ။ ကိုကိုကတော့ အဲဒါတွေ မယုံပါဘူး။ ဒါပေမယ့် နွယ်အားရှိအောင် ယတြာ ချေချင်လည်း ချေပေါ့။ အသက်ရှည်နိုင်တယ် ဆိုတဲ့ ကုသိုလ်တွေလည်း လုပ်လေ”

“အင်း။ ယတြာလည်း ချေမယ်။ အသက်ရှည်အောင်လည်း ဒါနတွေလုပ်ရမယ်”

နွယ်ပြန်သွားတော့ ကျနော် အတွေးတွေနဲ့ ကျန်ခဲ့တယ်။ နွယ့်စိတ်ထဲမှာ ဘယ်လို ဥပါဒါန်တွေ ဝင်နေပါလိမ့်။ ပြီးတော့ တိုက်ဆိုင်မှုတွေအကြောင်းလည်း ကျနော် ဆက်စဉ်းစားမိတယ်။ “လူတွေဘာကြောင့် အစွဲအလမ်းတွေဝင်သွား ကြတာလဲ။ ဗေဒင်တွေ၊ အကြားအမြင်တွေ ဆယ်ခါမှာ ကိုးခါမမှန်ပဲ တခါလေးမှန်သွားရင် မှန်တဲ့အခါကိုပဲ ကွက်မြင်ပြီး ယုံသွားကြတာလား။ ဆုတောင်းဆယ်ခုမှာ တခုလေး တိုက်တိုက်ဆိုင်ဆိုင် ပြည့်သွားရင် ပြည့်သွားတဲ့ ဆုတောင်းကိုပဲ တဖွဖွ ပြောပြီး ဆုတောင်းတဲ့အလုပ်ကို ယုံကြည်သွားကြတာလား။ မကောင်းတာလုပ်တဲ့လူ ဆယ်ယောက်မှာ………” အဲဒီ့ညက ကျနော့်ရဲ့ တေလေအတွေးတွေ တော်တော်လေးရှည်သွားတယ်။

(၃၁)

ဝေဝေက သင်းကွဲ….သူ့ဦးလေး မိသားစုနဲ့ အတူနေပေမယ့် ‘တယောက်တည်း’။ သူ့ဦးလေး မိသားစုမှာက သမီးနှစ်ယောက်နဲ့ သားတယောက်ရှိတယ်။ ပြီးတော့ သူ့ဦးလေး မိန်းမကလည်း သူ့ကိုမကြည်ဘူး။

ဒါကြောင့် ဝေဝေ့ စိတ်က ဘယ်တော့မှ ကြည်လင်နေတယ် ဆိုတာ မရှိဘူး။ အမြဲစိတ်အလိုမကျ ဖြစ်နေတတ်တယ်။ ဒါပေမယ့် တကောက်ကြွက်မို့ သံယောဇဉ်တော့ တော်တော်တွယ်တတ်တယ်။ ကျနော့်ကိုလည်း သံယောဇဉ်တော်တော် ရှိပုံရတယ်။ ဒါကြောင့်မို့လို့ ကျနော့်ကိုလည်း သူနဲ့ ဘာမဆို တူစေချင်တယ် ထင်ပါတယ်။ ကျနော်ကတော့ မရဘူး။ သူနဲ့လည်း ငြင်းတာပဲ။

ကျနော်ငြင်းပြီဆိုရင်တော့ ဝေဝေက စိတ်တိုတိုနဲ့ ပြန်ငြင်းတတ်တယ်။ သူငြင်းတဲ့အခါမှာတော့ သူ့နှုတ်ခမ်းပေါ်မှာ ဘယ်တော့မှ တကယ်ထုတ်သုံးဖြစ်မှာ မဟုတ်တဲ့ ဓားတလက်။

“ဘယ်ဘာသာကိုမှ မကိုးကွယ်တာကိုက ဘာသာတမျိုးပဲ။ ဘာကိုမှ လက်မခံဘူးဆိုတဲ့ ဝါဒကို လက်ခံထားတာ” ဝေဝေက စွဲချက်တင်လာတယ်။

“ဟိုက်!” “မဟုတ်သေးဘူး ဝေဝေ။ ဘာကိုမှ လက်မခံဘူးလို့ စွပ်စွဲတာကြီးက မဟုတ်သေးဘူး။ အားလုံးကို ပယ်တာမှ မဟုတ်တာ။ ဘာသာတိုင်း၊ အယူအဆတိုင်းကနေပြီးတော့ ယူချင်တဲ့ဟာကို ယူပြီး ပယ်ချင်တဲ့ဟာကို ပယ်တာ။ တခုကို လက်ခံတာနဲ့ ကျမ်းတွေထဲပါသမျှ အားလုံးကို လက်ခံရမယ်လို့ တခုနဲ့တခု ချိတ်ထားတာမှမဟုတ်တာ။ ကိုယ်ကြိုက်တာပဲ ကိုယ်ရွေးယူမှာပေါ့၊ free thinker ချင်းလည်း တယောက်နဲ့ တယောက် မတူဘူး။”

ခက်တယ်! ဘာသာမရှိတာကို ဖက်ရှင်ထွင်နေတယ်လို့ ထင်နေတဲ့ ကောင်မလေးတွေကလည်း ရှိသေးတယ်။

(၃၂)

ငါ့ကို အညာဆုံးသူက ငါပဲ။

ငါ့စိတ်ထဲမှာ ဆန့်ကျင်ဘက် တရားတွေ

အတူတူ နေလို့ရတယ်။

ကျနော် ကိုယ့်ကိုယ်ကို ပြောရင်းနဲ့ နွယ့်ကိုလည်း လူ့စိတ်ထဲက ဆန့်ကျင်ဘက်တွေ အကြောင်း ပြောပြဖြစ်တယ်။

“လူတွေရဲ့ စိတ်က ဒီလိုပဲ။ ကြိုးစားမှ ရမယ် ဆိုတာကို သိသိကြီးနဲ့ ဘုရားတွေဆီမှာ ဆုတောင်းချင်ကြတယ်။ လူ့ဘဝရဲ့ လောကဓံဂိမ်းတွေ ကစားရတာကို အရသာတွေ့နေတုန်းမှာပဲ ဘာစိန်ခေါ်မှုမှမရှိတဲ့ ကောင်းကင်ဘုံကို လိုချင်တယ်လို့ ကိုယ့်ကိုယ်ကို ထင်နေကြတယ်”

“ဟုတ်တယ်နော်”

ဆန့်ကျင်ဘက်တွေ အကြောင်း ပြောလို့ကောင်းနေတုန်းမှာပဲ….ဘေးအိမ်က သီချင်းဆိုနေတဲ့အသံမှာ တီးလုံးသံပျောက်သွားပြီး အသံကြောင်ကြီး တခုပဲ ဟိန်းလာတယ်။ “ကိုယ့်ကြောင့်…မျက်…” အသံကြောင်ကြီးလည်း ဘရိတ်အုပ်လိုက်ရတယ်။

သူသီချင်းလိုက်ဆို နေတုန်းမီးပျက်သွားတာ။

ဒီတခါ မီးအပျက်မှာတော့ ချစ်သူရှိနေတဲ့အတွက် တောက်ခေါက်နေဖို့ မလိုတော့ဘူး။ တခါတခါလည်း အလင်းထက် အမှောင်က ကောင်းပါတယ်။ အခုပိန်းပိတ်နေတဲ့ အမှောင်ဟာ EPC နဲ့ ကျနော့်အတွက်တော့ win-win situation ပါပဲ။

ကျနော် သူ့လက်လေးကို ကိုင်ပြီးတော့ ညင်ညင်သာသာလေး ပြောလိုက်တယ်။ “ဆန့်ကျင်ဘက်နှစ်ခု ပေါင်းစည်းတာကို ကိုကိုလက်တွေ့ပြမယ်။”

နွယ်က အင်း’ လား ‘ဟင့်အင်း’ လား မကွဲတဲ့ နှစ်ကိုယ်ကြား အသံသဲ့သဲ့လေးနဲ့ တုံ့ပြန်တယ်။ “….”

“အဲဒါကိုကိုနဲ့ နွယ်” ကျနော်က ပြောရင်းဆိုရင်း သူ့ကိုယ်လေးကို အလိုက်သင့် သိမ့်ခနဲ ဖက်လိုက်တယ်။ ပြီးတော့ နွယ်နဲ့ ကျနော် အမှောင်ရဲ့ အရသာကို အတူတူ ခံစားခဲ့ကြတယ်။

(၃၃)

“အမက မကျွတ်ဘူးတဲ့။ တခါတခါ ငိုသံ ကြားရသတဲ့။ ခု အဲဒီ့မှာ ဘယ်သူမှ မအိပ်ကြတော့ဘူး။ နွယ်ကြောက်လိုက်တာ။ ဖေကြီးတို့ကလည်း ဘယ်တော့မှ ပြန်လာမတုန်းမသိဘူး”

“ဟာ! မကြောက်ပါနဲ့၊ ငိုသံကြားရတယ် ဆိုတာ ဘယ်သူက ပြောတာလဲ။ အဲဒီ့လူရဲ့စိတ်က သူ့ကိုယ်သူ ပြန်ခြောက်တာ နေမှာပါ”

“ကိုကိုကလည်း… အစိမ်းသေ ဥစ္စာကို”

“အစိမ်းသေ ဆိုလည်း…suicide လုပ်တဲ့သူက သူ့ကိုယ်သူ သေမှာမှန်း ကြိုသိနေတာပဲ။ ကိုယ်ဘယ်အချိန်သေမယ် ဆိုတဲ့ စီရင်ချက်ကို ကိုယ့်ဘာသာ ချလိုက်တာလေ”

“ဘာလို့အဲလို suicide လုပ်ကြတုန်း မသိဘူးနော်။ ကြောက်စရာကြီး။ ဘဝကူးလည်း ကောင်းမှာ မဟုတ်ဘူး။”

“အင်း။ နိုင်ငံတော်တော်များများမှာလည်း suicide ကို ခွင့်မပြုဘူး။ ဥပဒေတွေနဲ့ တားကြတယ်။”

“အင်းပေါ့၊ အဲလိုပဲ တားသင့်ပါတယ်”

“အင်း၊ ဒါပေမယ့် right to suicide ကို တောင်းဆိုနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီ့ထဲမှာ နာမည်ကြီး စာရေးဆရာ တွေလည်းပါတယ်။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပေါ့။ တချို့လည်း ရောဂါဝေဒနာတွေ အရမ်းခံစားနေရပြီး ပတ်ဝန်းကျင်ကိုလည်း ငွေရေးကြေးရေးအရရော ကရိကထအရရော ဝန်ထုပ်ဝန်ပိုးကြီး ဆက်မဖြစ်စေချင်လို့ suicide လုပ်သွားကြတာ။ အဲလို အခြေအနေ ဆိုရင်တော့ ကိုကိုဆိုလည်း စဉ်းစားမိမှာပဲ”

(၃၄)

ဒီနေ့ ကျနော်တို့ စုံတွဲနဲ့ ဝေဝေ လက်ဘက်ရည်ဆိုင်မှာ တွေ့ဖို့ ချိန်းထားတယ်။ ဝေဝေက ခုထိ မလာသေးဘူး။

ခဏနေတော့ လူတယောက် ရောက်လာပြီး ကျနော်တို့ စားပွဲပေါ်ကို ခပ်တည်တည်နဲ့ သူ့ကားသော့ကို ပစ်ချလာတယ်။ ဟိုက်! ဘယ်လိုအထာကြီးတုန်း။

“ဟော၊ ကိုစိုးအောင်” နွယ်က နှုတ်ဆက်လိုက်တယ်။ သြော…လက်စသတ်တော့ ကိုစိုးအောင်ဆိုတဲ့ ငနဲပဲ။

“အင်းဟုတ်တယ်၊ သော့်ကို တွေ့လို့ ဝင်လာတာ။ ခဏထိုင်မယ်နော်”

“အင်း၊ ထိုင်လေ”

ကျနော်က နွယ်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေရာကနေ နွယ့်ဘေးနားကို ခပ်မြန်မြန်လေး ပြောင်းထိုင်လိုက်တယ်။ အဲဒီ့လူလည်း မျက်နှာချင်းဆိုင် နေရာမှာ ဝင်ထိုင်လိုက်ရတယ်။

အဲဒီ့လူ နွယ့်ကို ခေါ်ပုံကြီးကလည်း သူများနဲ့ မတူဘူး။ “သော်” တဲ့။ နားထဲမှာ တမျိုးကြီးပဲ။

(၃၅)

ကျနော့်ဘာသာ ကျနော်ဆို ဒီလိုလူနဲ့ ၁မိနစ် ၂မိနစ်ထက် ပိုပြီး စကားပြောဖြစ်မှာ မဟုတ်ဘူး။

သူ့ စကားအသွားအလာကို ဆင်ခြင်လိုက်ကတည်းက သူ့ရင်ထဲက ဘုရားစင်မှာ ပင့်ကူတွေ အိမ်ဖွဲ့နေမှန်း သိလိုက်တယ်။ ဒီလိုလူမျိုးရဲ့ ရင်ဘတ်မှာ ကျနော့်စကားလုံးတွေ ခြေချစရာ နေရာများများမရှိနိုင်ဘူး။ ကဗျာဆရာ မောင်ဖီလာရဲ့ စကားကိုမှီးပြီး ပြောရမယ် ဆိုရင်တော့ ဒီလို ခပ်ညံ့ညံ့ စကားဝိုင်းထဲမှာ ဘာမှဝင်မပြောခြင်းအားဖြင့် ကိုယ့်အရည်အသွေးကို ထိန်းသိမ်းလိုက်တာပဲ။

ကျနော် ဘာမှ မပြောတာကို သူက အိုင်ဒီယာ မရှိတဲ့ အချဉ်လို့ ထင်နေတယ်။ ဒါကြောင့် ဆရာကြီးလုပ်ပြီး ပြောပြောလာတယ်။ ကျနော် အမြင်ကတ်ကတ်နဲ့ တချက်တချက် ဝင်ထောက်လိုက်ရင်တော့ သူ့မျက်နှာ ပျက်ပျက်သွားတယ်။ သြော်! နွယ့်မျက်နှာကလည်း ပျက်နေသလိုပဲ။ ဘာကြောင့် ကိုယ်ဘဝင်မကျတဲ့သူရဲ့ မျက်နှာနဲ့ ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာက တိုက်ရိုက် အချိုးကျနေရတာလဲ။

နွယ်က စကားဝိုင်းကို ပုံပျက်ပန်းပျက် မဖြစ်အောင် ဝင်ဝင်ထိန်းနေရလို့လား မသိဘူး။ နွယ့်မျက်နှာက တော်တော်ညှိုးနေတယ်။ မောနေပုံလည်းရတယ်။

တချက်တချက်လည်း ကိုစိုးအောင်က ကျနော့်ကို ဖဲ့တယ်။ “သိလား သော်။ ကိုပြေ နဲ့ တောင် လက်ဘက်ရည် ဆိုင်မှာ တွေ့သေးတယ်။ မှတ်တောင် မမှတ်မိဘူး။ ဒီကောင် ပိန်ချုံးသွားလိုက်တာ ဒီညီလေး အတိုင်းပဲ။”

အဲဒီ့လူက ကျနော့်ကို လက်ညှိုးထိုးပြီး ဥပမာပေးတယ်။

“သူ့မှာ စားစရာမှ ရှိရဲ့လားမသိဘူး။ ဘာလို့လဲတော့ မေးမကြည့်ဖြစ်ဘူး၊ သူ့လောက်ကို ပိန်သွားတာ”

ဟာ! ဥပမာကလည်း တခါပေးရင် တော်ရောပေါ့။

ပြီးတော့ သူတို့စီးပွါးရေး လောက အကြောင်းကို ဆရာကြီး အထာနဲ့ လာပြောပြလိုက်သေးတယ်။ “အဲဒီ့ တရုတ်တွေက လိပ်မျိုးတွေ၊ တရုတ်ဆို တကောင်မှ မကောင်းဘူး”

“ဟာ! အဲလို ဝါးလုံးရှည်နဲ့ ရမ်းလို့တော့ မရဘူးလေ။ ကွန်ဖျူးရှပ်ဆို ဘယ်လိုလုပ်မလည်း။ သူလည်း တရုတ်ပဲ”။ ကျနော်က စကားလုံးကြီးကြီးတွေနဲ့ အဲလိုထောက်လိုက်တော့ သူဘာမှ ပြန်မပြောနိုင်တော့ဘူး။ စကားလွှဲသွားတယ်။ ဒီလူ ကွန်ဖျူးရှပ်တော့ သိသားပဲ။

စကားဝိုင်းနောက်ပိုင်းမှာ ကျနော် တခွန်းနှစ်ခွန်း ဝင်ထောက်တာနဲ့တင် သူနဲ့ ကျနော် ခဏခဏ ငြိငြိလာတယ်။ သူက နေရာတကာ သူသိသူတတ် လုပ်ချင်တဲ့သူ ထင်တယ်။ နောက်ပိုင်းမှာ ဘာသာရေး အကြောင်းတွေပါ ပြောလာတယ်။ သူဘာသာရေး လုပ်တာကလည်း တချို့လူတွေ ငွေမည်းကို ခဝါချသလို သူလည်း သူ့စိတ်မည်းတွေကို ခဝါချရုံသက်သက် ဟန်ပြလုပ်နေတာမှန်း သိသာတယ်။ ကျနော်က အမြင်ကတ်ကတ်နဲ့ ဘုဂလန့်တွေချည်း ပြောတော့ သူက မေးလာတယ်။

“ညီလေးက ကန့်လန့်တွေချည်းပြောနေတယ်။ ဘာ ဘာသာကို ကိုးကွယ်လို့တုန်း။ ဒါမှ ညီလေး အတွေးအခေါ်ကို တန်ဖိုးဖြတ်လို့ရမှာ”

“ဟာ! လူသန်းပေါင်းအများကြီးကို ကိုးကွယ်တဲ့ ဘာသာကိုကြည့်ပြီး လေးငါးစုတည်းခွဲပြီး တန်ဖိုးဖြတ်လို့ ရနိုင်ပါ့မလား။ တကယ်ဆို လူတယောက်မှာ ဘာသာတမျိုးပဲ။”

“အဲ၊ ထူးထူးဆန်းဆန်းပါလား”

“ဟုတ်တယ်ဗျ။ လူတယောက်ကို ဘာသာတမျိုး။ ဥပမာဗျာ…ဘာသာချင်း တူရင်တောင် တယောက်က ကြုံ..….”

“ဟာ၊ သော်… ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”

ရုတ်တရက် နွယ်က ကျနော့်ပေါ် ပျော့ခွေကျလာတယ်။ “ကိုကို၊ နွယ်မူးတယ်၊ အရမ်းမူးတယ်” ။

ဟိုလူ့ကားနဲ့ နွယ့်ကို ရွှေဗဟိုရ် ပုဂ္ဂလိက ဆေးရုံကို ပို့ဖို့လုပ်နေတုန်းမှာပဲ ဝေဝေ ရောက်လာတယ်။ ဝေဝေပါ ကျနော်တို့နဲ့ ဆေးရုံကို လိုက်လာတယ်။ ဟိုရောက်တော့ ကျနော်က နွယ်တို့အိမ်ကို ဖုန်းဆက်ခေါ်ပေးရတယ်။ ခဏနေတော့ နွယ့်အဖေနဲ့အမေ ရောက်လာတယ်။ အဲဒီ့အချိန်မှာ နွယ်လည်း ဆေးအထိုးခံပြီးတော့ အိပ်ပျော်သွားပြီ။

တအောင့်ကြာတော့ ဝေဝေက သွားစရာရှိလို့ သွားတော့မလို့ လုပ်တယ်။

“အန်တီတို့လည်း ရောက်လာပြီပဲ။ ညီလေးလည်း ပြန်တော့လေ။ ပင်ပန်းရောပေါ့။ အရမ်းအားနာတယ်ကွာ။” ဟိုလူက ကျနော့်ကို ယဉ်ယဉ်ကျေးကျေးနှင်တယ်။

ကျနော့်ကိုမှ မလိုအပ်တော့ပဲ။ ကျနော့် စိတ်ကနွယ့်နားမှာ ကျန်ခဲ့ပြီး လူက ဝေဝေနဲ့ အတူ ပြန်လာခဲ့ရတယ်။ ပြန်လာရင်းနဲ့ နွယ့်မွေးနေ့ရောက်ဖို့ ရှစ်ရက် ပဲ လိုတော့တာကို ဖျတ်ခနဲ သတိရလိုက်သေးတယ်။

(၃၆)

မိုးကအရမ်း အုံ့နေတယ်။ အမေတို့က ထီးကို အတင်းထည့်ပေးတယ်။ ကျနော် ဇွတ်ငြင်းတာလည်း မရဘူး။ နောက်ဆုံး ယူလာခဲ့ရတယ်။ ပြီးတော့ လိပ်စာပါတဲ့ မြေပုံစာရွက်တရွက် လည်း ပေးသေးတယ်။ ကျနော် စာရွက်ကို လုံးဝမကြည့်ပဲ အိတ်ကပ်ထဲ အသာထည့်ပြီး ထွက်လာခဲ့တယ်။

ကျနော်ခေါ်တဲ့နောက်ကို ကျနော်လိုက်သွားရင်း တဝဲဝဲ တလည်လည် ဖြစ်နေတယ်။ သွားရမယ့် နေရာကိုရှာရင်းနဲ့ ကျနော်ကိုယ်တိုင်ပါ ပျောက်သလိုလို ဖြစ်လာတယ်။ အဲဒီ့မှာ မိုးကရွာလာတယ်။ ကျနော် ထီးကိုကိုင်လာရပေမယ့် ဖွင့်မဆောင်းဖြစ်ဘူး။ ဖွင့်မဆောင်းချင်တဲ့ အကြောင်းပြချက်ကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်အလုံအလောက် ရှိနေတယ်။

လမ်းမှာတချို့လူတွေက မေးတယ်။ “ညီလေး၊ ထီးမဆောင်းဘူးလား”

“ဒါ၊ ထီးမဟုတ်ဘူးဗျ၊ အမေတို့ထည့်ပေးလိုက်တာ”

“ဟာ၊ ခင်ဗျားကလည်း။ ထီးပါဗျာ” သူတို့က ထီးအမျိုးအစားကိုတောင် ကျနော့်ကို ပြောပြလိုက်သေးတယ်။ ရှိစေတော့။

မိုးစက်တွေက လမ်းမတွေပေါ်ကို တဟုန်ထိုး ခုန်ဆင်းလာကြတယ်။ ကျနော် ခြေဦးတည့်ရာ တလှမ်းလှမ်းလိုက်တိုင်း လမ်းမတွေက ခွက်ထိုးခွက်လန် ရယ်နေကြတယ်။ အင်းလေ မင်းတို့ညီတုန်းတော့ ဤကိုကျွဲဖတ် ကြဦးပေါ့။ ကျနော် လိပ်စာ မြေပုံစာရွက်ကို ထုတ်ကြည့်လိုက်တယ်။

ဟာ! ကျနော်နားလည်တဲ့ အက္ခရာတွေနဲ့ ရေးထားပေမယ့် လုံးဝ ဖတ်လို့မရဘူး။ အက္ခရာ တလုံးချင်းစီကိုတော့ သိနေတယ်။ အဲဒီ့မှာ ကျနော့်ကို ကျနော် သတိထားမိတာက ကျနော့်မျက်လုံးတွေကို မျက်တောင်ခတ်ဖို့တောင် မှိတ်တုတ် မှိတ်တုတ် လုပ်လို့ မရတော့တာပဲ။ မျက်လုံးတွေက တောက်လျှောက်ကြီး ကြောင်တောင်တောင်နဲ့ အမြဲပွင့်နေတယ်။ ဒုက္ခပဲ။ မျက်တောင်မခတ်ရင် လူတွေက မကောင်းဆိုးဝါးလို့ ထင်တော့မယ်။

ကျနော် လူတယောက်ကို လိပ်စာ စာရွက်ကို ပြကြည့်တယ်။ အဲဒီ့လူက ကျနော့်ကို ဒါလေးတောင် မဖတ်တတ်ဘူးလားဆိုပြီး အထင်သေးသလိုလိုနဲ့ အရင်ကြည့်လိုက်သေးတယ်။

ဟာ! အံ့သြစရာ။ ဒီလူကို လိပ်စာစာရွက်ကို ဖတ်ပြခါနီးမှာ မျက်လုံးတွေကို အရင်မှိတ်လိုက်တယ်ဗျ။ ပြီးမှ ဖတ်ပြတယ်။ ကျနော် ကိုယ့်မျက်စေ့ ကိုယ်တောင် မယုံဘူး။ အင်းလေ၊ ကိုယ့်မျက်စေ့ကလည်း ယုံစရာမှ မရှိတော့တာ။ ကြောင်တောင်တောင်နဲ့ ပွင့်လျက်ကြီး သေနေပြီလေ။ ဒီလူ သူသိတဲ့ တခုခုကို ရွတ်ပြီး စာရွက်ကို ဖတ်ပြချင်ယောင် ဆောင်နေတာလား။ ဘာပဲ ဖြစ်ဖြစ် ကျနော်မှ မဖတ်တတ်တော့ သူဖတ်ပြတာပဲ ယုံရမလိုဖြစ်နေတယ်။ ကျနော် လိပ်စာ စာရွက်ကို တယောက်ပြီး တယောက် ပြကြည့်တယ်။ အကုန်လုံးအတူတူပဲ။ မျက်လုံးမှိတ်ပြီး ဖတ်ပြကြတယ်။

ကျနော် သူတို့ညွှန်တဲ့ အတိုင်းတော့ သွားပါတယ်။ တခုထူးဆန်းတာက ညွှန်တဲ့ အတိုင်းသွားလိုက်လို့ ရောက်ရောက်သွားတာက တနေရာတည်း။ ရေကန်ကြီးတခုလိုလို၊ တံလျှပ်ကြီးတခုလိုလို ကျနော်မကွဲဘူး။ ဒီလိုနဲ့ ကျနော် တဝဲဝဲ တလည်လည် ဖြစ်နေတယ်။

“ကိုကို…ကိုကို”

ဟော! နွယ်။ ကျနော်အားတက်သွားတယ်။ “လာ၊ ကိုကို” နွယ်က သူနဲ့ ထီးမျှဆောင်းဖို့ ပြောတယ်။ ကျနော်လည်း ခိုက်ခိုက်တုန် နေတာနဲ့ မျှဆောင်းလိုက်တယ်။ အဲဒီ့အချိန်မှာ ကျနော့်လက်ထဲက ထီးကလည်း ဘယ်မှာလွှတ်ချခဲ့မိမှန်း မသိတော့ဘူးလေ။ တအောင့်နေတော့ မိုးတွေလည်း တိတ်သွားတယ်။ ကျနော် နွယ်ခေါ်ရာ နောက်လိုက်သွားတယ်။ လမ်းတလျှောက်မှာလည်း နှင်းဆီတွေ စံပယ်ရုံ တွေကို တရုံပြီး တရုံ တွေ့လာတယ်။ တနေရာ ရောက်တော့ အရမ်းထူးခြားတဲ့ အဆင်း အနံ့နဲ့ ပန်းတရုံကို တွေ့တယ်။ တခြားပန်းတွေနဲ့ ဘာမှ မဆိုင်ဘူး။ ကျနော် တအံ့တသြနဲ့ ပန်းပွင့်ကသိုဏ်း ရှုလိုက်တယ်။ ပြန်လည်းလှည့်ကြည့်ရော….

ဟာ! နွယ်မရှိတော့ဘူး။

“နွယ်ရေ…နွယ်”

ကျနော် သွေးရူးသွေးတမ်းနဲ့ ပြေးပြီးရှာတယ်။ မတွေ့တော့ဘူး။ ကျနော် ခြေဦးတည့်ရာ ပြေးရင်း တကြော်ကြော် အော်ခေါ်မိတယ်။ ခဏနေတော့ မခံနိုင်တော့ဘူး။ မောဟိုက်ပြီး လဲကျသွားတယ်။

“အကို…ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ” ဝေဝေ့ အသံကို ကြားရတယ်။ ပြေးလာတဲ့ ခြေသံကိုလည်း ကြားရတယ်။

“အမေ့” ကျနော့်နား ရောက်မှ ဝေဝေက ခလုတ်တိုက်ပြီး ကျနော့်ပေါ်လဲကျတယ်။ ကျနော် ထဖို့ ကြိုးစားတယ်။ လုံးဝ ကိုယ့်ကိုယ်ကို ထူမတ်လို့ မရဘူး။ ဝေဝေက ကြိုးစားပြီး ဒယီးဒယိုင်နဲ့ ထတယ်။ ပြီးတော့ ကျနော့်ကို ထူဖို့ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဒါနဲ့ ဝေဝေက အတင်းဆောင့်ဆွဲလိုက်တယ်။

“ဟေ့ကောင်၊ ထတော့။ ကိုးနာရီတောင် ထိုးတော့မယ်။ ရေချိုး၊ မျက်နှာသစ်တော့။ လက်ဘက်ရည်ဆိုင်သွားရအောင်”

မျက်လုံးဖွင့်ကြည့်လိုက်လို့ ကျနော်မြင်လိုက်ရတာက ဝေဝေ မဟုတ်ဘူး။ သူငယ်ချင်းရဲ့ ကျက်သရေ မရှိတဲ့ မျက်နှာကြီး။ ဒါပေမယ့် ခေါင်းထဲကို တန်းရောက်လာတဲ့ အတွေးကတော့ ငါ ဒီနေ့လည်း အပြင်လောကမှာ နွယ်နဲ့ ဝေးနေရဦးမယ် ဆိုတာပါပဲ။

(၃၇)

ကျနော့် စကားသံတွေက ဟိုတစ ဒီတစ ဖြစ်နေတယ်။ ကျနော့်ရယ်သံတွေကအစ ကျနော်ကိုယ်တိုင်တောင် မမှတ်မိတော့လောက်အောင်ကို ခြောက်ကပ်သွားတယ်။ နွယ့်ကျန်းမာရေး အခြေအနေကရော ဘယ်လိုလဲ။ ဘာရောဂါတွေများ ရှိနေလဲ။ နေကောင်းတယ်ဆိုတဲ့ ဖုန်းထဲက အဖြေကို နွယ့်မျက်နှာလေး ထပ်မမြင်ရပဲနဲ့ ကျနော်မယုံနိုင်ဘူး။

ဟိုလူကများ နွယ့်အမေကို တခုခုသွားချွန်လိုက်လို့လား။ နွယ်ကလည်း အမေကို မလွန်ဆန်နိုင်တော့ဘူးလား။ တကယ်ဆို အကျိုးအကြောင်းလေးတော့ ပြောပြသင့်တာပေါ့။

ဒါမှမဟုတ် ဆေးခန်းမှာ နွယ်အိပ်ပျော်နေတုန်း ပြန်လာခဲ့မိလို့များ စိတ်နာသွားသလားနွယ်။ နွယ့်အနားမှာ တချိန်လုံး နေပေးချင်တာပေါ့။ နေပေးခွင့်မှ မရခဲ့တဲ့ဟာ။

အလုပ်မဖြစ်တော့တဲ့ တယ်လီဖုန်းတွေကို ကျနော် မုန်းစပြုလာတယ်။ တုံ့ပြန်မှု မရတော့တဲ့ အီးမေးလ်တွေကိုလည်း ကျနော်မစစ်ချင်တော့ဘူး။

နှစ်ပတ်လောက်နေတော့ သူငယ်ချင်းတယောက်က နွယ့်ကို လူတယောက်နဲ့ မြင်လိုက်တယ်လို့ ပြောတယ်။ ဟိုလူပဲ ဖြစ်မယ်ထင်တယ်။

ခုတော့ ဘဝမှာ အဓိပ္ပါယ်မရှိတာကိုက အဓိပ္ပါယ်တခုလို ဖြစ်လာတယ်။ နှင်းဆီဆေးသားလေးတွေ ပြယ်သွားပြီ။

နွယ်စိုးရိမ်နေတဲ့ နွယ့်မွေးနေ့လေးကတော့ ကျနော်တို့ နှစ်ယောက် အတူတူဆင်နွှဲခွင့် မရလိုက်ပဲ ကျော်သွားခဲ့ပါပြီ။

(၃၈)

အရိပ်မရှိတဲ့ ဘဝမို့ ညတွေကိုပဲ မျှော်မိတယ်။ ညတွေထဲမှာ… မူးယစ်ရီဝေ… အနာတွေ ခဏတော့ ပြေပါတယ်။

ပြေပြီးရင်ရော….ပြေပြီးရင်တော့ အိပ်မရတဲ့ငရဲနဲ့ ရင်ဆိုင်ရပြန်တယ်။ ဒီလိုနဲ့ ညရောက်တော့ နေ့ကိုမျှော်၊ နေ့ရောက်တော့ ညကိုမျှော်ရပြန်တယ်။ မျှော်ရတယ်ဆိုပေမယ့်လည်း မနက်ဖြန်မှာ သောကအပူ က လွဲလို့ ဘာမှ ပါမလာနိုင်တာကို ကြိုသိနေတော့ မောရပြန်တယ်။ ဒီလိုနဲ့ ကျနော့်အတွက် အချိန် ၅ လ လောက် ကျပျောက်သွားခဲ့ရတယ်။

(၃၉)

ကျနော့်အဖြစ်အပျက်ကို ဝေဝေ့ ကို ရင်ဖွင့်မိတယ်။ ဝေဝေကလည်း ကျနော် စိတ်လေနေတဲ့ ကာလမှာ အရမ်း ဂရုစိုက်တယ်။ ကြင်နာမှုတွေကို ရက်ရက်ရောရောပေးရှာတယ်။

(၄၀)

“ဟေ့ကောင်။ ဒီမှာဟ”

“ဟားဟား။ ငါက ဟိုဝိုင်းကို မင်းတို့မှတ်ပြီး သွားထိုင်တော့မလို့။”

“ဟာကွာ! ငါတို့ဝိုင်းမှာ ကောင်မလေးတွေမှ မပါတာ။ ဘာလဲ…မင်း မူးချင်ယောင်ဆောင်ပြီး သွားထိုင်မလို့မို့လား။ ငါသာမကယ်ရင် မင်းတော့ ပါးအချခံရတော့မှာပဲ။”

“မဟုတ်ပါဘူးကွာ။ မျက်မှန် မတပ်ထားလို့ပါ။ မူးချင်ယောင်လည်း မဆောင်ဘူး။ မူးလည်း မမူးသေးဘူး”

“အဲလိုလုပ်စမ်းပါ။ ဒီမှာ ဒါ တခွက်လား နှစ်ခွက်လား”

“တခွက်”

“အေး။ ဒါဆို မင်းမမူးသေးဘူး။ တခွက်ကို နှစ်ခွက် မမြင်သေးဘူး။ ချဟေ့ကောင်”

(၄၁)

နောက်နေ့မနက်ထိ ကျနော် အရက်နာကျနေတယ်။

ကျနော် ပဲပလာတာ စားရင်းနဲ့ ပျို့လိုက်တာ ဝေဝေ မြင်သွားတယ်။

“အကို အန်ချင်လို့လား။ ဆက်မစားနဲ့တော့လေ။ သံပုရာရည် တခွက်မှာလိုက်မယ်။”

အဲဒီ့မနက်က ဝေဝေ ကျနော့်ကို ဆူတယ်။ ဆူရင်းနဲ့လည်း မျက်ရည်တွေ ဝဲလာတယ်။ ကျနော် အံသြသွားမိတယ်။ သနားလည်း သနားမိတယ်။

သူဆူတာ ကလေးတယောက်ကို ဆူသလိုဖြစ်နေပေမယ့် ကျနော် ငြိမ်ခံနေလိုက်ပါတယ်။

(၄၂)

ဒီလိုနဲ့ တွယ်ရာမဲ့ နွယ်နှစ်ပင်၊ ဆောက်တည်ရာမဲ့နေတဲ့ နွယ်နှစ်ပင် တပင်နဲ့ တပင် ငြိကြရော ဆိုပါတော့။ တကယ်တော့ ကျနော်စိတ်လေနေတဲ့ အချိန်မှာ ဝေ့ ဂရုစိုက်မှှုကို သာယာမိရာကနေ အမှတ်မထင် ဖွင့်ပြောမိသွားတာ။ အစပိုင်းမှာ ဝေ့အပေါ် ထားခဲ့တဲ့ ကျနော့်အချစ်က ပေါ့နေတယ်။ ဝေ့ကို တွေ့တဲ့အခါတိုင်းလည်း နွယ့်မျက်နှာက အတွေးထဲကို ဒိုင်းခနဲ ရောက်လာတုန်းပဲ။ ကျနော် နွယ့်ကို မေ့ဖို့ လပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ရာနှှုန်းပြည့် မအောင်မြင်သေးဘူး။ နွယ်ကတော့ ရုတ်တရက်ကြီး အကျိုးအကြောင်း မရှင်းပြပဲ တိခနဲ အဆက်အသွယ် ဖြတ်သွားရက်လိုက်တာ။

(၄၃)

ကျနော့်စိတ်က နွယ့်ကို မပြတ်နိုင်သေးတာကို ဝေ ကတော့ နားလည်ပေးရှာတယ်။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အချိန်က ကုစားလာတယ် ထင်ပါရဲ့။ နွယ့်ကို မမေ့နိုင်သေးပေမယ့် အရင်ကလောက် မခံစားရတော့ဘူး။ ဝေ့ ကိုလည်း တိုးတိုးပြီးချစ်လာနိုင်တယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းကို ကျနော်တိုးတိုးလေး ညဉ်းလိုက်တယ်။

“နေမင်းရဲ့အလင်းရောင်သည်လည်း မနေ့ကနဲ့မတူ၊ မနေ့ကလိုမပူတော့ပြီ။ အားသစ်အင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ငါသည် အချစ်အတွက်တဖန် မွေးဖွားခဲ့ပြီ”

(၄၄)

ဟင်! ကြိုးကြာရုပ်လေးတွေ။

ကျနော်ရေကြည့်လိုက်တော့ ၂၈ ကောင်။ ၂၈ ကောင်ဆိုတော့ ကျနော့် မွေးနေ့ အတွက်များလား။ ကျနော့် ၂၈နှစ်ပြည့် မွေးနေ့ရောက်ဖို့က ဆယ်ရက်လောက်ပဲ လိုတော့တာ။

ကြိုးကြာရုပ်လေးတွေကို ရောင်စုံစက္ကူနဲ့ခေါက်ထားတာ။ ဗူးနဲ့ထည့်ပြီး ပို့လိုက်တာ။ ကျနော်မသိတဲ့နာမည်နဲ့ လိပ်စာနဲ့…မင်္ဂလာတောင်ညွန့်ကနေ ပို့လိုက်တာ။ စာလည်းမပါဘူး။ ဝေများ ကျနော်အံ့သြအောင် တခြားလိပ်စာနဲ့ လုပ်လိုက်သလား။ သူကြိုးကြာခေါက်တတ်တယ်လို့တော့ တခါမှ မပြောဖူးဘူး။ ဒါပေမယ့် ခေါက်တတ်ချင် ခေါက်တတ်မှာပေါ့။ ဒါမှမဟုတ် နွယ်များလား။ နွယ်ကတော့ မခေါက်တတ်ဘူး။ ပြီးတော့ လူကိုတောင် အတွေ့မခံပဲနဲ့ ကြိုးကြာရုပ် ပို့ပေးတာတော့ မဖြစ်နိုင်ဘူး။ ဝေ့ကိုပဲ မသိမသာ မေးကြည့်ရမယ်။

“အကို၊ ဒီနေ့က ဘာထူးခြားလဲ”

“ဟင့်အင်း၊ ဘာထူးခြားလို့တုန်း”

“ဟာ၊ နေတော့” ဝေ စိတ်ကောက်သွားတယ်။ ကြိုးကြာလေးတွေကို ကျနော်ဖျတ်ခနဲ သတိရသွားတယ်။

“ကြိုးကြာလေးတွေကို ပြောတာလား”

“ဟင်! ဘယ်က ကြိုးကြာတုန်း”

“သြော်၊ ဘာမှမဟုတ်ပါဘူး၊ ထားလိုက်”

“ဟာ! မရဘူးနော်။ ကြိုးကြာဆိုတာ ဘာတုန်း။ ပြော။ ခုပြော”

“အကို့ဆီကို ဒီနေ့ စက္ကူကြိုးကြာရုပ်လေးတွေ ရောက်လာတယ်။ အကိုမသိတဲ့ နာမည်နဲ့ ပို့လိုက်တာ။ ၂၈ ကောင်။ မွေးနေ့အတွက်ထင်တယ်။ ဝေ ပို့လိုက်တာ မဟုတ်ဘူးလား”

“မဟုတ်ပါဘူး။ ခေါက်လည်း မခေါက်တတ်ဘူး”

“အင်း! ထူးဆန်းလိုက်တာ။ ဒါဆိုဘယ်သူလည်းမသိဘူး”

“မထူးဆန်းပါဘူး။ ဘယ်သူရှိဦးမတုန်း။ နွယ်ပဲနေမှာပေါ့”

“မဖြစ်နိုင်ဘူး။ သူလည်း ကြိုးကြာရုပ်မခေါက်တတ်ဘူး”

“ခု ခေါက်တတ်ချင် ခေါက်တတ်မှာပေါ့။ တခြားဘယ်သူက အကို့မွေးနေ့ကို သတိတရ ရှိမှာတုန်း။ အကိုတို့ ဇာတ်လမ်းကလည်း ခုထိမပြီးသေးဘူးလား။ ဝေ စိတ်ကုန်လာပြီ။ အကိုက လူက ဝေ့နားမှာ ရှိနေလည်း စိတ်က တခြားရောက်နေသလိုပဲ၊ ဒီနေ့လည်း မမှတ်မိဘူးမို့လား။ အကို ဝေ့ကို အရုပ်ဝယ်ပေးတဲ့နေ့လေ”

ဝေ ပြောမှ ကျနော် သတိရသွားတယ်။ ကျနော်နဲ့ ဝေ့ကို နွယ်မြင်မှာ ကြောက်သွားတာတွေ၊ နွယ့်ကို လူတယောက်နဲ့တွေ့လို့ ကျနော်စိတ်ပူမိတာတွေ၊ နွယ်စိတ်ကောက်လို့ ချော့ရတာတွေ စိတ်ထဲမှာ အစီအရီပေါ်လာတယ်။ ရုတ်တရက်လည်း ဘာကိုမှန်းမသိဘူး… တုန်လှုပ်မိတယ်။ ဒါပေမယ့် ဝေ့ ရှေ့မှာတော့ အိန္ဒြေမပျက်အောင် ထိန်းနိုင်လိုက်ပါတယ်။

ဝေကလည်း ကျနော့်ကို စိတ်ဆိုးသွားလို့ မနည်းချော့လိုက်ရတယ်။

(၄၅)

“ညောင်းပြီကွာ။ မုန့်ဝင်စားရအောင်”

“အင်း၊ ကောင်းသားပဲ”

လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ ကျနော် First Eleven ဂျာနယ် ဖတ်နေလိုက်တယ်။

“အကို..အကို…ဟိုမှာ” ဝေက ကျနော့်ကို လက်ကုတ်ပြီးတော့ ပြတယ်။ ကျနော်ကြည့်လိုက်တော့…

ဟာ! နွယ် ! နွယ်တော်တော်လေး ပိန်သွားတယ်။ ကျနော်ကြည့်နေတုန်းမှာပဲ နွယ်အကြည့်က ကျနော့်ဆီ ရောက်လာတယ်။ ပြီးတော့ ရုတ်တရက်မင်သက်သွားပုံရတယ်။ ပြီးမှ ဆတ်ခနဲ ဆိုင်အပြင်ကို အပြေးလေးထွက်သွားတယ်။ အဲဒီ့အချိန်မှာ ဟိုလူကိုပါ တွေ့လိုက်တယ်။ သူလည်း ဆိုင်ပြင်ကို လိုက်သွားတယ်။

ကျနော်လည်း အရမ်းစိတ်လှုပ်ရှားပြီး သတိလက်လွတ်ဖြစ်သွားတယ်။ ဝေ့နားက အမြန်ထပြီး ဆိုင်ပြင်ကို လိုက်ပြီး နွယ့်ကို တွေ့မလို့ လုပ်လိုက်တယ်။ ဆိုင်အဝရောက်ခါနီးမှ သတိဝင်လာပြီး ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပြီးတော့ ဝေ့နားမှာ ပြန်ထိုင်လိုက်တယ်။ ဝေ့ကို အားနာနာနဲ့ ကြည့်လိုက်တော့ ဝေက ငိုလို့။

(၄၆)

နွယ်က ရထားပေါ်ကို မတက်သေးပဲ ကျနော့်ကို လက်လှမ်းပြပြီး ရပ်နေတယ်။ အဲဒါနဲ့ ဟိုလူ ရထားပေါ်ကနေ ဆင်းလာပြီး နွယ့်ကို ရထားပေါ်ကို အတင်းဆွဲ ခေါ်သွားတယ်။ ကျနော်လည်း စိတ်မထိန်းနိုင်တော့ပဲ နွယ့်ဆီကို ပြေးလိုက်ဖို့ ဟန်ပြင်လိုက်တယ်။ အဲဒီ့မှာ ဝေက ကျနော့်ကို ဆွဲထားတယ်။ ကျနော်လည်း ရုတ်တရက် စိတ်တိုသွားပြီး ဝေ့ကို တွန်းပစ်လိုက်တယ်။ ဝေလဲသွားပြီ မထနိုင်တော့မှ ကျနော် နောင်တရသွားပြီး ဝေ့ကို ပြန်ထူပေးလိုက်တယ်။ ဝေက သူလည်းထနိုင်လာရော ကျနော့်ကို လက်စားချေတာလား မသိဘူး။ ပြန်တွန်းတယ်။ ကျနော်လဲကျသွားတယ်။

အိပ်မက်ကနေ လန့်နိုးလာတော့ ကျနော့် စိတ်တွေ အရမ်းလေးနေတယ်။ နွယ့်ကို အရမ်းသတိရမိသလို ဝေ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ တလောတုန်းက လက်ဘက်ရည်ဆိုင်မှာ နွယ်နဲ့ တွေ့ခဲ့တာကို စိတ်စွဲပြီး အိပ်မက်မက်တာ ဖြစ်မယ်။

(၄၇)

ကြမ္မာဆိုးရဲ့ လက်သီးက ကျနော့်ကို ဘယ်အချိန်မှာ ထိုးရင် အထိရောက်ဆုံးဖြစ်မယ်လို့များ သိနေလို့လား။

အိပ်မက်မက်ပြီး နောက်နေ့ နေ့ခင်းမှာ ကျနော် အီးမေးလ်တစောင်ကို အလန့်တကြား ဖတ်လိုက်ရတယ်။ ဖတ်ရင်းနဲ့လည်း ဘဝမှာ အပြင်းထန်ဆုံး သောကကို ကျနော် ရင်ဆိုင်လိုက်ရတယ်။ နွယ်သေပြီတဲ့။

“အကို၊ အကို့ အီးမေးလ်ကို ညီမ facebook ကနေ ရတာပါ။ ညီမက သော်တာနွယ်ရဲ့သူငယ်ချင်း သီသီအောင် ပါ။ မနွယ်ဆုံးသွားပြီ အကို။ ၂၁ ရက်နေ့က Drug Overdosing နဲ့ suicide လုပ်သွားတာ။ သူ့မွေးနေ့ရောက်ဖို့ ရှစ်ရက် အလိုမှာ အကို။

အကိုတို့အကြောင်းကို ညီမ လွန်ခဲ့တဲ့ လေးလလောက်ကမှ သိတာ။ တရက် မနွယ်အင်တာနက်သုံးရင်း မျက်ရည်ဝဲနေတာ တွေ့လို့ မေးကြည့်တော့ မနွယ်က facebook မှာ htway ဆိုတဲ့ နာမည်နဲ့ account ဖွင့်ပြီး အကို့ကို add ထားတာ။ မနွယ်က အကိုနဲ့ သူနဲ့ ဇာတ်လမ်းကို ပြောပြပြီးငိုတယ်။ နောက်ရက်တော့ ညီမလည်း ဘာရယ်မဟုတ်ဘူး အကို့ကို facebook မှာ add လိုက်တာ။

မနွယ် မူးလဲလို့ ဆေးစစ်ကြည့်လိုက်တော့ သူ့မှာ hepatitis C ရှိနေတယ်တဲ့ အကို။ အဲဒါ ဘန်ကောက်မှာ ဆေးကုရင်းနဲ့ ကျောင်းတက်နေတာ။ သူ့အမေ သဘောတူထားတဲ့လူက ဆေးကုပေးပြီး ကျောင်းပါထားပေးထားတာ။ မနွယ်ရောဂါပျောက်တဲ့ အချိန်ကျရင် အဲဒီ့လူနဲ့ လက်ထပ်ရမှာတဲ့။ အဲဒီ့အစီအစဉ်ကို သူလက်ခံလိုက်ရတာကို အကို့ကို ပေးသိဖို့ အင်အား သူ့မှာ မရှိဘူးတဲ့။ အကိုနဲ့ တွေ့ရင်လည်း သူဘယ်လိုမှ စိတ်ထိန်းနိုင်မှာ မဟုတ်ဘူးတဲ့။ အစီအစဉ်တွေကို ဖျက်မိမှာတဲ့။ အဲဒါကြောင့် အကို့ကို ဘာမှမပြောပဲ သူတိခနဲ ဖြတ်လိုက်တာတဲ့။ သူက အမြဲ စိတ်ဓာတ်ကျနေတတ် တယ် အကို။ သူ့အတွေးတွေက ပုံမှန်မဟုတ်တော့ နားလည်ရခက်တယ်။ သူတခုခုကို စိတ်ညစ်နေပုံပေါက်လို့ ညီမ မေးရင်လည်း ပြောပြချင်မှ ပြောပြတာ။ တခါတခါ သူပြောချင်ရင်လည်း ညကြီးမင်းကြီး ငိုပြီး ဖုန်းဆက်တာမျိုးတွေရှိတယ်။ မနွယ်က အရမ်းသနားဖို့ ကောင်းတယ် အကိုရယ်။ သူက တယောက်တည်းနေတာ အကို။ ဘယ်သူနဲ့မှလည်း သိပ်မပေါင်းဘူး။ သူအားရင် စာအုပ်ဖတ်ချင်ဖတ်၊ ဒါမှမဟုတ် ကြိုးကြာရုပ်လေးတွေ ခေါက်နေတတ်တယ်။

တော်ရုံတန်ရုံလူနဲ့လည်း ပေါင်းဖို့သူက အဆင်မပြေဘူး။ ညီမကတော့ သူ့ကိုနားလည်နေလို့သာ။

ပြီးခဲ့တဲ့လတုန်းကတော့ သူ့အဖေ ဆုံးလို့ မနွယ် ရန်ကုန်ကို ပြန်သွားတယ်။ သူပြန်လာပြီးနောက်ပိုင်း ညီမနဲ့ နှစ်ခေါက်ပဲတွေ့သေးတယ်။ သူပိုပြီး စိတ်ဓာတ်ကျသွားပုံရတယ်အကို။ သူရန်ကုန်မှာ အကိုနဲ့တွေ့တာကိုလည်း ပြောပြတယ်။ အကို့ကို သူတခါက မေးဖူးတယ်တဲ့။ သူသေရင် အသစ်ရှာမှာလားဆိုပြီး။ အဲဒီ့တုန်းကတော့ အကိုက မရှာဘူးလို့ ဖြေတယ်တဲ့။ အခု တနှစ်တောင်မပြည့် သေးဘူးတဲ့။ သူအရင်က သဝန်တိုနေတဲ့ ကောင်မလေးနဲ့ ဖြစ်နေတယ်တဲ့။ အကိုက ရက်စက်လိုက်တာတဲ့။”

ကျနော့်မျက်လုံးတွေ ပြာဝေသွားတယ်။ နွယ်သေပြီတဲ့။ သူ့မွေးနေ့ ရောက်ဖို့ ရှစ်ရက် အလိုမှာ ကိုယ့်ကိုယ်ကို သတ်သေသွားတာ တဲ့။ မနှစ်က သူမူးလို့ ရွှေဗဟိုရ်ဆေးရုံကို ပို့လိုက်ရတဲ့နေ့ပဲ။ ရှင်ကွဲ ခွဲခဲ့ရတဲ့ နေ့မှာမှ နွယ်က ရွေးပြီး သေကွဲ ထပ်ခွဲသွားတယ်။

ပထမဆုံး ကျနော့်ခေါင်းထဲမှာ ဝင်လာတဲ့ အသိကတော့ နွယ့်ကို ကျနော် ပြောခဲ့ဖူးတဲ့ စကားပဲ။

“Right to suicide ကို တောင်းဆိုနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီ့ထဲမှာ နာမည်ကြီး စာရေးဆရာ တွေလည်းပါတယ်။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပေါ့။ တချို့လည်း ရောဂါဝေဒနာတွေ အရမ်းခံစားနေရပြီး ပတ်ဝန်းကျင်ကိုလည်း ငွေရေးကြေးရေးအရရော ကရိကထအရရော ဝန်ထုပ်ဝန်ပိုးကြီး ဆက်မဖြစ်စေချင်လို့ suicide လုပ်သွားကြတာ။ အဲလို အခြေအနေ ဆိုရင်တော့ ကိုကိုဆိုလည်း စဉ်းစားမိမှာပဲ”

တကယ်တော့ နွယ့်ကို ကျနော်သတ်လိုက်တာပဲ။ နွယ် လက်ဘက်ရည်ဆိုင်ထဲက ဆတ်ခနဲ ပြေးထွက်သွားတဲ့ နောက်ဆုံးအမူအရာလေးက ကျနော့်မျက်စေ့ထဲက မထွက်ဘူး။

မနှစ်တုန်းက သေမှာကြောက်လို့ ယတြာချေခဲ့တဲ့ နွယ်…ခုတော့ သေလမ်းကို ကိုယ်တိုင် ဖန်တီး သွားပြီ။

ကျနော်ဟာ လူသတ်သမားပဲ။ နွယ့်ကို သတ်တာ ကျနော်။ ကိုယ့်ကိုယ်ကို အပြစ်တင်သံတွေ ကျနော့်ရင်ထဲမှာ ပဲ့တင်ထပ်နေတယ်။

(၄၈)

ကျနော် မစားနိုင် မအိပ်နိုင်နဲ့ တနုန်းနုန်း တခွေခွေ ဖြစ်သွားတယ်။ ဝေလည်း ကျနော့်အဖြစ်ကို ကြည့်ပြီး အရမ်းစိတ်မကောင်း ဖြစ်သွားတယ်။ ကျနော့်ကို counseling psychology နဲ့ ကျောင်းပြီးထားတဲ့ သူ့အသိ တယောက်ဆီကို ခေါ်သွားတယ်။

“တကယ်တော့ ညီနဲ့ မဆိုင်ပါဘူး။ လောကကြီးက ကျယ်ပြန့်တယ်လေ။ အဖြစ်အပျက်မျိုးစုံ၊ အယူအဆ မျိုးစုံကို တကွေ့မဟုတ် တကွေ့တွေ့မှာပဲ။ ညီပြောမှ မဟုတ်ဘူး။ ပတ်ဝန်းကျင်ဆီကလည်း ညီပြောသလိုမျိုး ကြားဖူးမှာပဲ။ suicide လုပ်တဲ့လူတွေ သူတွေ့ဖူးတာရှိမယ်။ ရုပ်ရှင်တွေဘာတွေထဲမှာ ကြုံတာမျိုးလည်း ရှိမယ်။ ညီက စိတ်သန့်သန့်နဲ့ ပြောခဲ့တာပဲဟာ။ တကယ်တော့ လူတယောက် ကြားရတဲ့ စကားတွေ၊ ဖတ်ရတဲ့ စာတွေကို အဲဒီလူရဲ့စိတ်ထဲမှာ ဘယ်လို ဘာသာပြန်သလဲ၊ ဘယ်လို စုပ်ယူသွားသလဲ ဆိုတာပေါ်ပဲ မူတည်တယ်။ အဲဒီ့အပေါ် မူတည်ပြီး အဆိပ်ဖြစ်ချင်ဖြစ်၊ ဆေးဖြစ်ချင် ဖြစ်သွားတာ။ ခုကိစ္စမှာ သူ့စိတ်က ပျော့ညံ့လို့၊ ပျော့ညံ့တဲ့ အခံရှိလို့ လောကကြီးကို အရှုံးပေးသွားတာ”

အဲဒီ့အကိုက စေတနာထားပြီး ရှည်ရှည်ဝေးဝေး ရှင်းပြနေပေမယ့် ကျနော့်နားထဲမှာ သူ့စကားတွေက မကြားတချက် ကြားတချက်။ ကျနော်ဆက်တိုက်ကြားနေတာက ကိုယ့်ကိုယ်ကို ပြောနေတဲ့ “နွယ့်ကိုသတ်တာ ကျနော်” ဆိုတဲ့ စကားပဲ။ ပြီးတော့ ဝေ့ကို အားနာလွန်းလို့သာ ခုလို လိုက်လာတာ။ ကျနော်က လိပ်ပြာသန့်ချင်နေတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ထိုက်တန်တဲ့ အပြစ်ပဲပေးချင်နေတာ။ ကိုယ့်အပြစ်ကို ဖြေတွေးပြီး ကိုယ့်ကိုယ်ကို မထိတထိလေး အပြစ်ပေးနေရင် နှစ်တွေအများကြီး ကြာတဲ့အထိ အပြစ်တွေ မကျေပဲ နေလိမ့်မယ်လို့ ကျနော် သွေးရူးသွေးတမ်းနဲ့ လျှောက်တွေးနေမိတယ်။

ခုချိန်မှာ ငြိမ်းချမ်းနေရင် ဘဝအဓိပ္ပါယ် မဲ့သလို ဖြစ်သွားလိမ့်မယ်။ ခုအခြေအနေမှာ ကိုယ့်ကိုယ့်ကို အပြစ်ပေးနေတာကိုက ကျနော့်အတွက် ဘဝအဓိပ္ပါယ်ပါပဲ။

(၄၉)

နွယ်ရေ…အပြင်လောကမှာ နင်သေသွားပေမယ့် ငါ့စိတ်ထဲမှာ နင်ဘယ်တော့မှ မသေစေရဘူးနွယ်။ ငါ့စိတ်ကို နင်အမြဲ ခြောက်လှန့် နေရမယ်။

ရှေ့က ဝေ့ မျက်နှာကို ကျနော် စိတ်ကူးနဲ့ ဖွဖွလေး ဆွဲခွာလိုက်တယ်။ ပြီးတော့…နွယ့်မျက်နှာလေးပေါ်လာ…ဟာ! မဟုတ်သေးပါဘူး။ ငါတော်တော် တကိုယ်ကောင်းဆန်နေပြီပဲ။

(၅၀)

ဝေ့ကိုလည်း သနားမိတယ်။ ဒါပေမယ့် နွယ်နဲ့ အဖြစ်အပျက်ကို ကျနော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး။ မမေ့နိုင်ပဲနဲ့ ဝေနဲ့ ရှေ့ဆက် လက်တွဲနေလည်း ဝေ့ကို ထပ်နှိပ်စက်သလိုပဲ ဖြစ်နေမယ်။ အခါပေါင်းများစွာ ခိုးခိုးပြီး ငိုရမှာထက်စာရင် တခါတည်း အဝ ဗြောင်ငိုလိုက်ရတာက နင့်အတွက် ပိုကောင်းမှာပါ ဝေ။

ဝေ့ကို ကျနော် တည့်တည့် ရင်ဆိုင်လိုက်တယ်။

“ရှင့်ကို လူကြီးလူကောင်း အောက်မေ့မိတာ မှားတယ်”

ဝေ့လက်ဝါး ရုတ်တရက် မြောက်တက်လာတယ်။

ကျနော် ဒဏ်ရာနှစ်ချက် ထပ်ရလိုက်တယ်။ ရင်မှာတချက်၊ ပါးမှာတချက်။

(၅၁)

လောကဓံက တော်တော်ပြင်းပြီး ကျနော့်စိတ်ခံနိုင်ရည်က တော်တော်နုနေတယ်။

တချို့ကလည်း ဝိပဿနာရှုကြည့်ဖို့ အကြံပေးကြတယ်။ ဝိပဿနာတွေ၊ သမထတွေကြာင့် ငြိမ်းချမ်းမှုရနိုင်တာ ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ခုချိန်မှာ တရားမှတ်ဖို့ လိုအပ်နေတဲ့ အခြေခံ စိတ်တည်ငြိမ်မှှုလေးတောင် ကျနော့်မှာ မရှိသလိုဖြစ်နေတယ်။

တချို့ကလည်း အများသူငါလို ဘာသာရေးကို သာမန်ကိုင်းရှိုင်းဖို့ အကြံပေးကြတယ်။ မိုးထဲလေထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းခဲ့ဖူးတဲ့ စိတ်ဟာ အရိပ်တခုခု အောက်မှာ ကျောက်ချပြီး နေနိုင်ပါ့မလား။

ကိုယ့်ကိုယ်ကို လည်း မေးဖြစ်တယ်။ မသိတဲ့သူတွေချင်း အတူတူမှာ ငါက ထုံဆေးတွေမေ့ဆေးတွေ မပါပဲ အခွဲစိပ်ခံသူလို ဖြစ်နေပြီလား။

(၅၂)

ဒီလိုနဲ့ ပြက္ခဒိန်တွေ တရွက်ပြီး တရွက် ကြွေကျသွားတယ်။ ကျနော်လည်း တော်တော်ပြောင်းလဲသွားတယ်။ အဲဒီ့ပြောင်းလဲမှုတွေထဲမှာ ကျနော့်ရဲ့ ဘာသာရေးအမြင်ပြောင်းလဲမှုကရော ဘယ်လောက်အတိုင်းအတာအထိ ရှိခဲ့သလဲ။

သက္ကရာဇ်တွေ တခုပြီး တခုအဖြတ်…ကိုယ့်ကိုယ်ကို ဖတ်ကြည့်လိုက်တယ်။

(၅၃)

ကျနော်ဟာ စာအိတ်တလုံးပေါ့။ ကိုယ့်ကိုယ်ကို တိတ္ထိလို့ တံဆိပ်ကပ်၊ လိပ်စာ နေရာမှာတော့ ကွက်လပ်ပဲထားလိုက်တယ်။ ဘယ်ကိုရောက်မယ် မသိ။

ကောင်းကင်ကို


0 comments: